close

ကွတ်ခိုင်တွင် နေအိမ်မီးလောင်ပြီး ကလေး ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် ၇ မှာ နိုဝင်ဘာ ၂၇ ရက် ည ၁၀ နာရီဝန်းကျင်က နေအိမ်မီးလောင်ကျွမ်းပြီး ကလေး ၁ ဦး မီးစွဲလောင်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဟုတ်တယ်။ ရပ်ကွက် ၇ ဘက်။ ကလေးတယောက် အသက်ဆုံးရှုံးတဲ့အထိ လောင်သွားတယ်။ ဆေးရုံဘက် သေပြီးသား သယ်လာတာ ထင်တယ်။ ထိုးထိုးထောင်ထောင်နဲ့ မ လာတယ်” လို့ ပြောပါတယ်။

အသက် ၁၂ နှစ်အရွယ် ကလေးတဦး မီးစွဲလောင် သေဆုံးသွားပြီး တခြားထိခိုက်သူ မရှိဘူးလို့ အကူအညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့တအိမ်လုံးတော့ ပြာကျသွားတာပဲ။ ကလေးတယောက် သေသွားတယ်။ ယောက်ျားလေး။ စာကျက်ရင်းနဲ့ ဒီကောင် အိပ်ပျော်သွားတယ် ထင်တယ်။ သူ့ခြင်ထောင်ကနေစပြီး စွဲပြီး လောင်တာလို့ သိရတယ်။”

သေဆုံးတဲ့ကလေးကိုတော့ မနေ့ညက ကောင်းသောရှမာရိ လူမှုကူညီရေးအသင်းနဲ့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ ကွတ်ခိုင် ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ကူညီပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။  

သေဆုံးတဲ့ကလေးကို ဒီက‌နေ့ တရုတ်ထုံးတမ်းအစဉ်အလာအတိုင်း သင်္ဂြိုဟ်မယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ကလေးတွေ ဖယောင်းတိုင် အသုံးပြု စာကျက်နေရရင် မိဘတွေ ဒါမှမဟုတ် မိသားစုဝင် လူကြီးတွေအနေနဲ့ ပိုသတိထား စောင့်ကြည့်နေသင့်တယ်လို့ ဒေသခံ ကျောင်းသားမိခင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဇူလိုင် ၁၆ ရက် မနက်အစောပိုင်း ၁ နာရီလောက်ကလည်း ကိုဗစကပ်ရောဂါကြောင့် အသွားအလာကန့် သတ်ထားတဲ့ကြားက ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ထဲရှိ မြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားပြီး ဆန်ဆိုင်၊ တိုင်းရင်းဆေးဆိုင်၊ ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ အပ်ချုပ်ဆိုင်တွေ စုစုပေါင်း ၃၇ ဆိုင်၊ ဈေးကြီးရဲ့ ၅ ပုံ ၁ ပုံခန့် မီးလောင်ကျွမ်း ပျက်စီးခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up