close

ဂျာမနီက မြန်မာကို လူသားချင်းစာနာထောက်ထားမှုအကူ ယူရို ၃ ဒသမ ၃ သန်း ထောက်ပံ့မည်

ဂျာမနီနိုင်ငံက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအနေနဲ့ ယူရို ၃ ဒသမ ၃ သန်း ထောက်ပံ့သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီထောက်ပံ့မှုကိုတော့ မြန်မာနိုင်ငံက ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (WFP)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကတဆင့် ပံ့ပိုးပေးသွားမှာဖြစ်ပြီး နိုင်ငံတဝန်းက အထိအခိုက်အလွယ်ဆုံး မိသားစုတွေနဲ့ အထူးသဖြင့် ပဋိပက္ခဒဏ်ခံနေရသူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံးအကြီးအကဲ York Schuegraf ဟာ ဒီအရင်ကလည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့အတူ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခဲ့ဖူးပြီး အကြမ်းဖက်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို တွေ့ကြုံခံစားနေရတဲ့ ဘာသာပေါင်းစုံက စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ 

အဆိုပါ ခရီးစဉ်တွေအတွင်း သွားရောက်ခဲ့တဲ့ နေရာဒေသ၊ စစ်ရှောင်စခန်းတွေကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ဘဲ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သံရုံးရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားဖော်ပြထားခဲ့တာပါ။

ဒါ့အပြင် ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (WFP)ရဲ့ အကူအညီပေးရေး လုပ်ငန်းတွေအတွက် ပြီးခဲ့တဲ့နှစ်က ယူရိုငွေ ၅ သန်း လှူဒါန်းခဲ့ပြီး မြန်မာမှာ ဆက်တိုက်ရှည်ကြာစွာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်တွေ ဆက်လက်တိုးမြင့်နေချိန်မှာ အထိခိုက်အလွယ်ဆုံးသော ပြည်သူတွေအတွက် ယုံကြည်အားထားရတဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေ ဟာ ၁ ဒသမ ၄ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ အဲဒီအထဲကမှ လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up