close

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီလောက်က ဝက်လက်မြို့နယ် စစ်ကိုင်း-ရွှေဘို လမ်းမကြီးတလျှောက် မိုင်းရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို မိုင်း ၃ လုံး ‌ဖောက်ခွဲတိုက်ခိုက်ခဲ့သလို စိုင်နိုင်ဂွေ့ကျေးရွာအတွင်း ရောက်ရှိတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “မိုင်းရှင်းလင်းရေးလာလုပ်တဲ့ စကစစစ်ကြောင်းက သားနားကျေးရွာမှာ ညအိပ်သွားသေးတယ်။ နောက်ရက်မနက် မိုင်းလာရှင်းတော့ မိုင်းကွင်းထဲအရောက်မှာ ဖောက်ခွဲခဲ့တာပါ။ အဲဒီမှာ စကစတပ်ဖွဲ့က ၅ ယောက်လောက် သေတယ်။ နောက်ပြီး စိုင်နိုင်ဂွေ့ရွာထဲ စစ်ကြောင်းရောက်နေတဲ့ စကစတပ်ကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိပါတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် မနက် ၉ နာရီလောက်မှာလည်း ဝက်လက်မြို့နယ် လှတောကျေးရွာက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပင်းဇင်းကျေးရွာရဲ့ အနောက်ဘက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ၄ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး ဒေသကာကွယ်ရေးအဖွဲ့က တစုံတရာ ထိခိုက်မှုမရှိကြောင်းနဲ့ အဲဒီတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးအဖွဲ့၊ ဝက်လက်မြို့နယ် (ပကဖ)၊ ဒေသခံ ပကဖနဲ့ နတ်တောင်နဂါး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်ကလည်း ဝက်လက်မြို့နယ် မန်းကျည်းတုံကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အပြန်လမ်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up