close

ထောင်ကျနေသည့် အီကွေဒေါ ဒုသမ္မတဟောင်း ပြန်လွတ်မြောက်

အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အီကွေဒေါ ဒုသမ္မတဟောင်း ဂျော့ခ်ျဂလက်စ်ဟာ နိုဝင်ဘာ ၂၈ ရက်မှာ အကျဉ်းထောင်ကနေ ဒုတိယအကြိမ် ပြန်လွတ်မြောက်လာခဲ့ပါတယ်။

ဒေသဆိုင်ရာ တရားသူကြီးက သူ့စွဲချက်တွေအတွက် အချုပ်အနှောင်ပြစ်ဒဏ်အစား အစားထိုးပြင်ဆင်တဲ့ အစီအမံတွေကို အတည်ပြုပြီးနောက်မှာ ပြန်လွတ်လာတာပါ။

ဂလက်စ်ဟာ သူ့ရဲ့ ခုခံချေပခွင့် တောင်းဆိုချက်ကို ဖြေရှင်းရာမှာ နှောင့်နှေးမှုတွေကြောင့် အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့အတွက် ထောင်တွင်းအကျိုးခံစားခွင့်တွေရရှိဖို့ ရှေ့တန်းတင်ပြီး ထောင်အပြင်မှာ ပြစ်ဒဏ်ကျခံခွင့်ပေးတာဖြစ်ကြောင်း ဆန်တိုဒိုမင်ဂို ပြည်နယ်မှ တရားသူကြီး အီမာဆန် ကူရီပါလိုက ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် ဂလက်စ်ဟာ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ အိုဒီဘရက်ချ်ထ်ကို အစိုးရ ကန်ထရိုက်စာချုပ်တွေ ပေးအပ်တဲ့အတွက် ကုမ္ပဏီဆီက လာဘ်ငွေရယူမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ၂၀၁၇ ခုနှစ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတာပါ။

ဒါ့အပြင် သမ္မတဟောင်း ရာဖယ် ကော်ရီယာရဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေမှာ ကန်ထရိုက်တာတွေဆီက ငွေကြေးကို အသုံးပြုခဲ့တဲ့အတွက် ၂၀၂၀ ခုနှစ်မှာ သီးခြားထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြား ကော်ရီယာရဲ့ အစိုးရမှာ ဝန်ကြီးဟောင်းနဲ့ ဒုသမ္မတဟောင်းဖြစ်သူ ဂလက်စ်ဟာ အခုနှစ် ဧပြီလက အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်ကို ဖျက်သိမ်းပြီး တလအကြာမှာ ထောင်ကို ပြန်ပို့ခံခဲ့ရတာပါ။ အခုတော့ တရားသူကြီးရဲ့အမိန့်နဲ့ ဒုတိယအကြိမ် ပြန်လွတ်မြောက်ခဲ့ပါတယ်။

ဂလက်စ်ဟာ တနင်္လာနေ့နှောင်းပိုင်းက မြို့တော်ကွီတိုရှိ အကျဉ်းထောင်ကနေ ထွက်ခွာသွားချိန်မှာ သူ့ကိုထောက်ခံသူ ဒါဇင်ပေါင်းများစွာက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up