တရုတ်နိုင်ငံတဝန်း အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေ

တရုတ်နိုင်ငံ ပြည်မကြီးက မြို့အများအပြားမှာ အစိုးရကို ဆန့်ကျင်သပိတ်မှောက်တဲ့ ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး သမ္မတရှီကျင့်ဖျင် အာဏာရယူခဲ့တဲ့ ဆယ်စုနှစ်အတွင်း မကြုံစဘူး အာဏာဖီဆန်မှု လှိုင်းလုံးကြီးလည်း ဖြစ်ပါတယ်။
အစိုးရရဲ့ ကိုဗစ်ကာကွယ်ရေးပေါ်လစီအပေါ် မကျေနပ်မှုကနေ နိုဝင်ဘာ ၂၄ ရက်က တရုတ်နိုင်ငံအနောက်ဘက်၊ ရှင်းကျန်းပြည်နယ်က မီးလောင်မှုမှာ လူ ၁၀ ဦး သေဆုံးခဲ့တဲ့အတွက် အခုလို ကျယ်ပြန်တဲ့ လူထုဆန္ဒပြပွဲတွေအထိ ပေါ်ပေါက်လာခဲ့တာပါ။
တချို့ အင်တာနက်အသုံးပြုသူတွေကတော့ လော့ဒ်ဒေါင်းစည်းမျဉ်းတွေကြောင့် ပိုဆိုးလာနိုင်ဖွယ်ရှိတယ်လို့ မှတ်ချက်ပြုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆန္ဒဖော်ထုတ်မှုနေရာတွေ မတူညီပေမဲ့ ကြာသတေးနေ့က မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် ပန်းတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ရင်း ဝမ်းနည်းမှု အထိမ်းအမှတ်ကို တူညီတဲ့ သဘောဆန္ဒတွေ ပြခဲ့ကြပါတယ်။
တချို့ကတော့ စာရွက်ဖြူအလွတ်တွေ ကိုင်ဆောင်ရင်း တရုတ်အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုကို အန်တုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အစိုးရရဲ့ တင်းကျပ်တဲ့ ကိုဗစ်ကာကွယ်ရေး မူဝါဒတွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ နိုင်ငံက ပြည်သူတွေဟာ အတင်းကျပ်ဆုံး ကိုဗစ်ထိန်းချုပ်မှုအောက်မှာ သုံးနှစ်နီးပါး နေထိုင်ခဲ့ကြရတာဖြစ်ပြီး တချို့နိုင်ငံတွေမှာတော့ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်နိုင်ရေးကို ကြိုးပမ်းကြပါတယ်။