close

မင်္ဂလာဒုံ ပတ္တမြားမြို့သစ်ရှိ ဘုန်းကြီးကျောင်းနှင့် စေတီများပါ စစ်ကောင်စီ ဖယ်ရှားဖျက်ဆီးမည်

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်မှာရှိတဲ့ ရပ်ကွက် ၅ ခုက လူနေအိမ်ခြေ ၁၀,၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဘူဒိုဇာနဲ့ အင်အားသုံး ဖယ်ရှားနေတဲ့အပြင် ဘုန်းကြီးကျောင်း၊  သီလရှင်ကျောင်း၊  သိမ်၊ စေတီတော် အပါအဝင် သာသနိကအဆောက်အဦတွေကိုပါ နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား ဖျက်သိမ်းဖို့ ဖိအားပေး လုပ်ဆောင်နေတယ်လို့ သာသနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် သံဃနာယကမှာ သာသနာရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ စစ်ကောင်စီရဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ ကိုယ်စားလှယ်တွေက အဆိုပါရပ်ကွက်တွေက ဆရာတော်တွေကို ကျောင်းနဲ့ စေတီတော်တွေ နှစ်ရက်အတွင်း ဖျက်သိမ်းပေးဖို့ ဆင့်ခေါ်ပြောဆိုခဲ့တာဖြစ်ပြီး မြေအစားထိုး ပြန်ပေးဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

“အရှင်ဘုရားတို့ နှစ်ရက်အတွင်းပေါ့၊ ဒီကနေ့နဲ့ မနက်ဖြန်ကို ‌ဖယ်ပေးပါတဲ့။ နှစ်ရက်အတွင်း ဖယ်ပေးရင် ကိုယ့်ပစ္စည်းကိုယ် အေးအေးဆေးဆေး ယူလို့ရမယ်တဲ့။ တကယ်လို့ နှစ်ရက်ကျော်သွားရင် အကြမ်းဖက်မယ့် ပုံစံမျိုးကို ပြောတာ” လို့ ဒေသခံ သာသနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

ဒီဖြစ်စဉ်တွေရဲ့အစဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဌာနပိုင် မြေပိုင်နက်နဲ့ ပျဉ်းမပင်စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧကလို့ဆိုကာ နှစ် ၂၀ ကျော်ကြာ အရပ်သားတွေ နေထိုင်လာတဲ့ ရပ်ကွက် ၅ ခုကို နိုဝင်ဘာ ၁၈ ရက်မှာ ဖျက်သိမ်းရာက စတင်ခဲ့တာပါ။

ပြောင်းရွှေ့ဖို့ ကျောင်းနေရာ မရှိသေးဘဲ ပစ္စည်းတွေကို ရင်းနှီးတဲ့ ဘုန်းကြီးကျောင်းတွေမှာ ထားခဲ့ပြီး သီတင်းသုံးနေတဲ့ ရဟန်းတွေနဲ့ စာသင်သား ကိုရင်တွေကတော့ သူတို့ရွာကိုပဲ ပြန်ဖို့ စီစဉ်နေကြရပါတယ်။

ရပ်ကွက် ၅ ခုထဲက ဂုံညင်းနီရပ်ကွက်မှာ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်း၊ မြဲမြံအောင်ရပ်ကွက်မှာ ၂ ကျောင်းနဲ့ ဓမ္မပါလရပ်ကွက်မှာ ၂ ကျောင်း၊ စုစုပေါင်း ၁၁ ကျောင်းရှိ သိမ်နဲ့ စေတီတော်တွေ ဖျက်သိမ်းခံနေရပြီး လာဖျက်တဲ့သူတွေက အထက်က ခိုင်းလို့ ဖျက်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရပ်ကွက်ရှိ သာသနာ့ဝန်ထမ်းတဦးက “သူတို့တွေက မေးလိုက်တဲ့အခါကျတော့ အထက်ကလုပ်ခိုင်းတာပါ၊ ဘုရားတပည့်တော်‌တို့က ဘာမှမသိပါဘူး၊ ဘုရားတပည့်တော်တို့က ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူးဘုရား၊ မသိဘူးချည်းပဲ ပြောတာ” လို့ ပြောပါတယ်။

အဆိုပါ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ ဖျက်သိမ်းခံရတာကြောင့် သာသနာ့ဝန်ထမ်းတဦး စိတ်ဝေဒနာ ခံစားခဲ့ရတဲ့အပြင် ဆွဲကြိုးချသေဆုံးသူ အရပ်သား ၂ ဦးထက်မနည်း ရှိခဲ့သလို ဘူဒိုဇာနဲ့ အင်အားသုံး လိုက်ဖျက်နေတာကို မှတ်တမ်းဓာတ်ပုံရိုက်ကူးလို့ ဒေသခံ ၃ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up