close

တောင်ကိုရီးယားက ပေါ်တူဂီကိုအနိုင်ရ၊ ဘရာဇီးအသင်း ကင်မရွန်းကို ရှုံးနိမ့်

အာရှထိပ်သီး တောင်ကိုရီးယားအသင်းဟာ မထင်မှတ်တဲ့အခြေအနေကနေ ပေါ်တူဂီကို (၂-၁) ဂိုးနဲ့ အနိုင်ယူခဲ့သလို ဂါနာဟာလည်း ဥရုဂွေးအသင်းကို ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နောက်တဆင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီမနက်အစောပိုင်းကန်သွားတဲ့ ပေါ်တူဂီနဲ့ တောင်ကိုရီးယားတို့ပွဲစဉ်မှာ အဖွင့်ဂိုးကို ပထမပိုင်းစပြီး မကြာခင် ပွဲချိန် ၅ မိနစ်မှာပဲ ရီကာဒိုဟောတာက ပေါ်တူဂီအတွက် ဗွေဇော်ဦး အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနောက် တောင်ကိုရီးယားအတွက် ချေပဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ ကင်ရွန်ဂွမ်းက သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ တဖက်တဂိုးစီ သရေကျသွားနေခဲ့ပါတယ်။ 

ဒီပွဲမှာ ပေါ်တူဂီက ဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပေမဲ့ ဒုတိယပိုင်းပုံမှန်ပွဲချိန် မိနစ် ၉၀ အထိ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ကြဘဲ နာကျင်အချိန်ပို ၁ မိနစ်ကျမှ ဟွမ်ဟီချန်းက   တောင်ကိုရီးယားအတွက် အဖိုးတန် အနိုင်ဂိုးကိုသွင်းယူပေးသွားခဲ့ ပါတယ်။

တအုပ်စုထဲပြိုင်ဘက် ဂါနာနဲ့ ဥရုဂွေးတို့ပွဲစဉ်မှာတော့ ဥရုဂွေးအနေနဲ့  ၃ ဂိုးပြတ်အနိုင်ရမယ်ဆိုရင်တော့ နောက်တဆင့်တက်မှာဖြစ်လို့ ပွဲပြီးခါနီးမှာ အားကုန်ရုန်းသွားပေမဲ့ ဂါနာဂိုးသမားကောင်းခဲ့တာကြောင့် ၂ ဂိုးပြတ်နဲ့ပဲ အနိုင်ရခဲ့တယ်။

အုပ်စု (H) ပွဲစဉ်တွေအပြီးမှာ ပေါ်တူဂီက ရမှတ် ၆ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်ဆင့်ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်သွားသလို တောင်ကိုရီးယားကလည်း  ဥရုဂွေးနဲ့ ၄ မှတ်စီ ရမှတ်တူ၊ ဂိုးကွာခြားချက်တူခဲ့ပေမဲ့ ရဂိုးအရေအတွက်မှာအသာရခဲ့လို့ တောင်ကိုရီးယားအသင်း နောက်တဆင့်တက်ရောက်သွားခဲ့တယ်။

ဒီမနက်အစောပိုင်းကန်သွားတဲ့ အုပ်စု (G) ပွဲစဉ်မှာတော့ ကင်မရွန်းက ဘရာဇီးကို (၁-၀ )မရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ရမှတ် ၆ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်သွားပါတယ်။ ကင်မရွန်းကတော့ အုပ်စုအဆင့်ကနေထွက်ခဲ့ရပေမဲ့  ဘရာဇီးအသင်းကို အနိုင်ရတဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ 

ဒီပွဲမှာ ဘရာဇီးအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ကင်မရွန်းထက် ပိုမို ရှရှိခဲ့တာဖြစ်ပြီး ကင်မရွန်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို အဘူဘာကာက ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ 

နောက်တဆင့် ၁၆ သင်းရှုံးထွက်ပွဲစဉ်တွေမှာတော့ ပေါ်တူဂီဟာ အုပ်စု (G)မှာ ဒုတိယရတဲ့ဆွစ်ဇာလန်အသင်းနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဘရာဇီးကတော့  တဖက်အုပ်စု (H) က ဒုတိယရတဲ့ ​တောင်ကိုရီးယားအသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up