တွစ်တာ၏ စိစစ်ရေးမူဝါဒနှင့်ပတ်သက်ပြီး အီလွန်မက်စ်ခ်နှင့် ပြင်သစ်သမ္မတ ဆွေးနွေး

တွစ်တာဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့ အကြောင်းအရာ စိစစ်ရေးမူဝါဒတွေအကြောင်းကို တွစ်တာပိုင်ရှင် အီလွန်မတ်စ်ခ် နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက ဒီဇင်ဘာလ ၂ ရက်က ပြောပါတယ်။
ပြင်သစ်သမ္မတက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြခဲ့ပြီး နောက်တရက်မှာ ခုလို တွေ့ဆုံဆွေးနွေးခဲ့တာပါ။
“ပွင့်လင်းမြင်သာတဲ့ သုံးစွဲသူမူဝါဒတွေ၊ အကြောင်းအရာ ထိန်းညှိမှုအတွက် သိသာထင်ရှားတဲ့ အားဖြည့်မှုနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို အကာအကွယ်ပေးခြင်း တွေမှာ ဥရောပ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လိုက်နာအောင် တွစ်တာက ကြိုးပမ်းအားထုတ်ရမှာပါ” လို့ မက်ခွန်းက မတ်စ်ခ်နဲ့ တွေ့ဆုံပြီးနောက် တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်အတွက် "တာဝန်နဲ့ ကန့်သတ်ချက်တွေ" ရှိတယ်လို့ ယူဆကြောင်း အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မက်ခွန်းဟာ ဒီဇင်ဘာ ၁ ရက်က Good Morning America ရုပ်သံအစီအစဉ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်အတွက် ထောက်ခံသူ မတ်စ်ခ်ဟာ အရင် ကုမ္ပဏီခေါင်းဆောင်မှုပိုင်းက ဆိုင်းငံ့ထားတဲ့ အကောင့်တွေအတွက် ပြန်သုံးစွဲခွင့် ပြုလိုက်ပြီးနောက်မှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ အမုန်းစကားတွေ မြင့်တက်လာကြောင်း သုတေသီတွေက အစီရင်ခံခဲ့ ပါတယ်။