close

မြောက်ဒဂုံတွင် ပြည်သူများဖမ်းမိသည့် သူခိုးကို ရပ်ကွက်အုပ်ချုပ်ရေးက ပြန်လွှတ်

ရန်ကုန်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၄၉ ရပ်ကွက်ရှိ ပဒုမ္မာ ၅ လမ်းမှာ ဒီဇင်ဘာ ၁၃ ရက်၊ မနက် ၃ နာရီလောက်က  ဝါယာမီးကြိုးတွေလိုက်ဖြုတ်ပြီး ခိုးယူနေတဲ့ အမျိုးသား ၄ ယောက်ကို ရပ်ကွက်နေသူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရာမှာ အသက် ၁၄ နှစ်အရွယ်လူငယ်တယောက်နဲ့  အသက် ၁၉ နှစ်အရွယ် လူငယ် တယောက်ကိုသာ ဖမ်းဆီးရမိခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့က  ဆယ်ကျော်သက်လူငယ် ၂ ဦးကို နာရီပိုင်းအတွင်း ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ရပ်ကွက်နေသူတဦးက “အဲ့ကောင်တွေထဲက အသက်ကြီးကြီးကတယောက်၊ လူလတ်ပိုင်းလောက်က တယောက်၊ အခုဖမ်းမိတဲ့ လူငယ်က နှစ်ယောက်နဲ့ဆို ၄ ယောက်ပေါ့။ ၄၉ ထဲရော ၄၂ ထဲမှာရော အဲ့လိုလိုက်ခိုးနေတာ။ ညပိုင်း မီးပျက်ချိန်တွေဆို မီးကြိုးတွေ လိုက်ဖြုတ်တယ်။ ခိုးတယ်ပေါ့။ မီးလာတဲ့အချိန်ဆို ဝိုင်ဖိုင်ကြိုးတွေ ဖြုတ်ခိုးတာ။ ဒီကောင်တွေကို မေးကြည့်တော့ အဲ့ကြိုးတွေကို အခွံနွှာပြီး အထဲက ကြေးနန်းကြိုးကို ပြန်ရောင်းစားတာလို့ ပြောတယ်။ ဖမ်းမိထားတာ ကလေးတွေဆိုတော့ ရိုက်တာတွေ ဘာတွေ မလုပ်ပါဘူး။ ရုံးပဲအပ်လိုက်တယ်” လို့ ပြောပါတယ်။

အဆိုပါ ဆယ်ကျော်သက်အရွယ် လူငယ် ၂ ယောက်ကို ဖမ်းမိကတည်းက ပဒုမ္မာ ၅ လမ်းထိပ် ဓာတ်တိုင်မှာ ကြိုးချည်ထားကာ မနက်မိုးလင်းမှ ၄၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပို့ဆောင်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ တာဝန်ရှိသူတွေက ခံဝန်ထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ‌အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြောက်ဒဂုံ‌မြို့နယ်မှ ရပ်ကွက်နေသူတဦးက “ဒီတခါက ဖမ်းမိတာပေါ့။ အရင် ၄၂ ရပ်ကွက်ထဲက ဇော်ဂျီလမ်းမှာဆို အိမ်ရှေ့ခင်းထားတဲ့ သံပြားကြီးကို အဲ့လို လေးယောက်ပဲ သယ်ပြီး ယူသွားတာ။ လမ်းထဲက တက္ကစီသမားတွေက တွေ့လို့ အဲ့လမ်းခင်းပြားကို ချပြီး ပြေးတာပဲ။ စားဝတ်နေရေး ကျပ်တည်းလို့ ခိုးတယ်ဆိုပေမဲ့ ခံရသူဘက်က နစ်နာတယ်။ ခြံထဲ သော့ခတ်ထားတဲ့ ဘက်ထရီစက်ဘီးဆိုရင် နှစ်စီးရှိပြီ အခိုးခံရတာ။ စခန်းဖုန်းဆက်လည်း မလာကြ။ ဖမ်းမိလို့ နီးစပ်ရာ သွားအပ်ရင်တောင် အရေးယူမှု သိပ်မရှိဘူး။ လက်မှတ်ထိုးခိုင်း၊ ဓာတ်ပုံရိုက်ပြီး ပြန်လွှတ်တာပဲ၊ အမုန်းမခံကြဘူးလေ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်ကလည်း မြောက်ဒဂုံရှိ ရပ်ကွက်တခုက အလုပ်ရုံတခုရဲ့ လုပ်ငန်းသုံး မီးကြိုးနဲ့ ဝိုင်ဖိုင်ကြိုးတွေ ဖြုတ်ခိုးခံခဲ့ရလို့ သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမဲ့ လာရောက်စစ်ဆေးတာတောင် မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် ခိုးဆိုးလုနှိုက်မှုတွေ ရန်ကုန်မှာ သိသိသာသာ ပေါများလာတာကို မြင်တွေ့နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up