ဒီနှစ်ကမ္ဘာ့ဖလားတွင် အကောင်းဆုံးခြေစွမ်းရနေဟု ခံစားရကြောင်း မက်ဆီပြော

အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းရရှိနေတယ်လို့ ခံစားရကြောင်း ခရိုအေးရှားကို အနိုင်ရပြီးနောက်မှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကပြောပါတယ်။
မက်ဆီဟာ ခရိုအေးရှားဘက်ကို ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းခဲ့ပြီး အယ်လ်ဗာရက်ဇ်သွင်းယူခဲ့တဲ့ဂိုးကိုလည်း ဖန်တီးနိုင်ခဲ့တာပါ။
ပွဲအပြီးမှာတော့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲခြေစွမ်းအပေါ် ကျေနပ်ပျော်ရွှင်မိပြီး အသင်းကို ကူညီနိုင်မယ်လို့ မျှော်လင့်ကြောင်း မက်ဆီကပြောခဲ့တာပါ။
“ကျနော်အများကြီးပျော်ရွှင်နေပါတယ်။ အမှန်တကယ်ခြေစွမ်းပြနေတယ်လို့လည်း ခံစားမိသလို ပွဲတိုင်းကိုရင်ဆိုင်ဖို့ လုံလောက်တဲ့သန်မာမှုရှိတယ်လို့လည်း ခံစားရတယ်။ ကျနော်တို့အသင်းဟာ အဖွင့်ပွဲရှုံးခဲ့တဲ့အတွက် ဗိုလ်လုပွဲ ၅ ပွဲကစားခဲ့ရတာပါ။ နောက်ဆုံး ဗိုလ်လုပွဲကတော့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရပါတော့မယ် ပထမဆုံးပွဲရှုံးခဲ့တာက ပိုပြီးသန်မာလာစေခဲ့တယ်” လို့ မက်ဆီကပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ ဒီကနေ့ညမှာကစားမယ့် ပြင်သစ်နဲ့ မော်ရိုကိုပွဲကအနိုင်ရရှိတဲ့အသင်းနဲ့ နောက်ဆုံး ဗိုလ်လုပွဲ ကစားသွားရမှာဖြစ်ပါတယ်။