ကမ္ဘာ့ဖလားပွဲတွင် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ စံချိန်သစ်များထပ်တင်

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူးမက်ဆီဟာ ဒီမနက်အစောပိုင်း ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားအသင်းရဲ့ သမိုင်းမှာ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
ခရိုအေးရှားဘက်ကို ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ ၁၁ ဂိုးမြောက် ကမ္ဘာ့ဖလား သွင်းဂိုးရရှိခဲ့ပြီး အာဂျင်တီးနားကစားသမားဟောင်း ဘာတစ်စတူတာရဲ့ ၁၀ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဘာတစ်စတူတာက ၁၂ ပွဲကစားပြီး ၁၀ ဂိုးသွင်းခဲ့တာဖြစ်ပြီး မက်ဆီက ၂၅ ပွဲ ကစားခဲ့ပြီးနောက် ၁၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
မက်ဆီဟာ ဂျာမနီကစားသမားဟောင်း လိုသာမား သီးယက်စ်စံချိန်တင်ထားတဲ့ ကမ္ဘာ့ဖလားပွဲသမိုင်းတလျှောက်မှာ ပါဝင်ကစားခဲ့တဲ့ ပွဲအရေအတွက်အများဆုံးကစားသမား စံချိန်ကိုလည်း ၂၅ ပွဲနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအားလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ၆ ယောက်မြောက်ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ပါတယ်။
နောက်ပြီး ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲမှာ သွင်းဂိုးနဲ့ ဖန်တီးမှု နှစ်ခုစလုံးပြုလုပ်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဆားဘီးယား၊ ၂၀၂၂က မ္ဘာ့ဖလားမှာ မက္ကဆီကို၊ နယ်သာလန်နဲ့ ခရိုအေးရှားပွဲစဉ်တွေမှာ သွင်းဂိုးကော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ အခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပွဲစဥ်အလိုက်အကောင်းဆုံးဆုကို ၄ ကြိမ် ရရှိထားပြီး ကစားသမားဘဝမှာ ၁၀ ကြိမ်မြောက်ရရှိခဲ့ပြီး သွင်းဂိုးတွေအနေနဲ့လည်း ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနဲ့အတူ ၅ ဂိုးအထိရှိနေပြီဖြစ်ပါတယ်။