close

ထိုင်းနာမည်ကြီးလောင်းကစားဒိုင် ထောင်ဒဏ်နှစ် ၅၀ ကျော်ချမှတ်ခံရ

ထိုင်းနိုင်ငံက နာမည်ကြီး လောင်းကစားဒိုင် ဆေပို့ (ခ)  နိုင်းအဖိရတ်ချတ်အာနွန်း ( ၃၀ နှစ် ) ကို ဘန်ကောက်ရာဇဝတ်မှုဆိုင်ရာတရားရုံးချုပ်က ဒီဇင်ဘာ ၁၄ ရက် မှာ ထောင်ဒဏ် အနှစ် ၅၀ နဲ့ ၄၈ လထိ ကျခံဖို့ စီရင်ချက်ချလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် သူ့ရဲ့ဇနီး နန်းစူထားမတ် ကျန်ထိ၊ သူ့ရဲ့မိခင် နန်းဘန်ရင်နဲ့တကွ ဂိုဏ်းသား ၂၁ ယောက်ဟာလည်း လောင်းကစားမှုမှာ ပါဝင်ပတ်သက်မှု အနည်း အများပေါ် မူတည်ပြီး မတူညီတဲ့ ပြစ်ဒဏ်သီးသီး ကျခံခဲ့ရပါတယ်။ 

သူတို့ဂိုဏ်းဟာ ကာစီနိုရုံအပြင် ကိုယ်ပိုင်  အပလီကေးရှင်းဖွင့်ပြီး  လူမှုကွန်ရက်အမျိုးမျိုးကို အသုံးချကာ အွန်လိုင်းကနေ လောင်းကစားထဲ ပါဝင်လာအောင် လူတွေကို သွေးဆောင်တာ၊ လိမ်လည်တာနဲ့ ငွေကြေးခဝါချတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေက လောင်းကစားသူအဖြစ် အယောင်ဆောင်ပြီး သူတို့ဂိုဏ်းထဲအချိန်ပေး ဝင်ရောက်ကစားကာ အထောက်အထားခိုင်လုံတာနဲ့ ဝင်ရောက် ဖမ်းဆီးအရေးယူခဲ့တာပါ။

သူတို့ဂိုဏ်းမှာ အဓိကအဖွဲ့ကြီး ၃ ဖွဲ့ရှိကြောင်း၊ ပထမအဖွဲ့မှာ ဆေပို့ဦးဆောင်တဲ့ သူ့မိခင်၊ သူ့ဇနီး နဲ့ ဆွေမျိုး စုစုပေါင်း ၅ ဦးပါ စီမံခန့်ခွဲရေးအဖွဲ့ ၊ ဒုတိယအဖွဲ့မှာ စာရင်းကိုင်အဖွဲ့ ၊ တတိယအဖွဲ့မှာ သူတို့နာမည်နဲ့ ဘဏ်အသီးသီးမှာ ငွေစာရင်းတွေဖွင့်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ အဆိုပါဘဏ်စာရင်းတွေကနေ ငွေကြေးပမာဏ ဘတ်သန်းပေါင်း ၁၇၆၀ ကျော်ကို အကြိမ်ပေါင်း ၅၇၅၃၂၃ ကြိမ် လွှဲထားတယ်လို့ တရားရုံး အစီရင်ခံစာမှာ ပါရှိပါတယ်။ 

ဒါ့အပြင် ငွေကြေးပမာဏ ဘတ်ငွေသန်းပေါင်း ၈၄၀ ကျော်ကို ဘဏ်ထဲကနေ ၂၇၁၃ ကြိမ်လွှဲပြီး ငွေကြေးခဝါချခဲ့တယ်လို့ ဆိုပါတယ်။ 

ဆေပို့တို့ မိသားစုဟာ ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း တခြားလောင်းကစားမှု၊ ငွေကြေးခဝါချမှုတွေနဲ့  အရေးယူခံရပြီး တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။ 

သူတို့တွေ ထောင်ထဲရှိနေစဉ် နောက်ထပ်ကွင်းဆက်တွေ စုံစမ်းဖော်ထုတ်ပြီး မနေ့ မနက် ၉ နာရီမှာ နောက်ထပ်နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။ 

တရားရုံးက ထောင်ဒဏ်အနှစ် ၅၀ ကျော် စီရင်ချက်ချခဲ့ပေမယ့် ထောင်ထဲက အပြုအမူနဲ့ အရင်က သူကောင်းပြုခဲ့တာတွေကို ပြန်လည်တွက်ချက်ပြီး ထောင်ဒဏ်အနှစ် ၂၀ ထိ လျှော့ပေါ့ပေးလိုက်ပါတယ်။ 

ဆေပို့ကတော့ ဒီပြစ်ဒဏ်ဟာ များလွန်းတယ်လို့ဆိုပြီး နောက်ထပ်ဗဟိုတရားရုံးမှာ အယူခံဝင်မယ်လို့ ပြောပါတယ်။ 

ဆေပို့ဟာ ချမ်းသာတဲ့မိဘကနေ ဆင်းသက်လာပြီး ငယ်စဉ်ကတည်းက မိဘက အလိုလိုက်၊ အခြွေေရံအပေါင်းအသင်းများတာကြောင့် အသက် ၁၈ နှစ်ရွယ်ကတည်းက လောင်းကစားတတ်နေပြီလို့ ဆိုပါတယ်။ 

သူဟာ လောင်းကစားရင်းနဲ့ အရှုံးပေါ်လာတော့ ငွေတွေပြန်ရအောင် ဒိုင်လုပ်ခဲ့ပါတယ်၊ ရုပ်ချော အပြောကောင်းတာကြောင့် အွန်လိုင်းပေါ်ကနေ လိုက်ဖ်လွှင့်ပြီးတော့လည်း အလောင်းအစား လုပ်ခဲ့ပါတယ်။

ဆင်းရဲသားလို ရုပ်ဖျက်ပြီး လမ်းပေါ်က ဆင်းရဲသားတွေကို ငွေအမြောက်အမြား လိုက်လံဝေငှ ကူညီထောက်ပံ့လေ့ရှိတာကြောင့်  အခြေခံလူတန်းစားတွေက သူနဲ့တွေ့ရဖို့ မျှော်လင့်နေကြပါတယ်။

ဒါ့အပြင် ပညာရပ်တစ်ခုခုမှာ ထူးချွန်ပေမယ့် ငွေမရှိလို့ အခွင့်အရေးဆုံးရှုံးနေတဲ့ လူငယ်တွေကို လည်းသူကထောက်ပံ့ခဲ့ပြီး သူရဲ့အထောက်အပံ့နဲ့ အဆိုတော်ဖြစ်လာတဲ့ လူငယ်တွေလည်း ရှိပါတယ်။ 

Ref-Thairath

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up