ကမ္ဘာ့ဖလားချန်ပီယံဆုရတိုင်း GOAT တယောက် မဖြစ်နိုင်ဟု ပီယားစ်မော်ဂန်ပြော

ကမ္ဘာ့ဖလားချန်ပီယံဆုဖလား ရရှိတိုင်း GOAT လို့ခေါ်ကြတဲ့ သမိုင်းတလျှောက် အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ကစားသမားတယောက် မဖြစ်စေနိုင်ကြောင်း ပီယားစ်မော်ဂန်က ပြောပါတယ်။
ဗြိတိန်နိုင်ငံသား အစီအစဉ်တင်ဆက်သူ ပီယားစ်မော်ဂန်ဟာ စီရော်နယ်ဒိုနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို အာဆင်နယ်နဲ့ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တဦးလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက ရော်နယ်ဒိုနဲ့ အင်တာဗျူးကြောင့် ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
မက်ဆီဟာ ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ထူးချွန်ပြောင်မြောက်စွာ ကစားနိုင်ခဲ့ပြီး အခမ်းနားဆုံး ကစားသမားတဦးဆိုတာ မှန်ပေမဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားလား ဆိုတာကတော့ ငြင်းခုံစရာရှိကြောင်း ပီယားစ်မော်ဂန်က ပြောပါတယ်။
“ကျနော်က ရော်နယ်ဒိုဘက်ကပဲ အမြဲတမ်း စိတ်အားထက်သန်စွာနဲ့ ကာကွယ်သွားမှာပါ။ ရော်နယ်ဒိုက ကမ္ဘာ့ဖလားဆုတံဆိပ်နဲ့ ထိုက်တန်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံဆု တခုက သမိုင်းတလျှောက် အခမ်းနားဆုံး ကစားသမား မဖြစ်စေနိုင်ပါဘူး။ ဒီလိုပြောပေမဲ့ မက်ဆီက ဆုဖလားရယူနိုင်သေးတာလည်း မဟုတ်ပါဘူး” လို့ ပီယားစ်မော်ဂန်က ပြောပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်ခဲ့လို့ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့မယ် ဆိုရင် ရော်နယ်ဒိုထက် အသာရသွားမယ်လို့ သုံးသပ်ကြပါတယ်။