close

စစ်တွေတွင် ရခိုင်ဒေသထွက်ကုန်ပြပွဲနှင့်‌ ရောင်းချပွဲ ကျင်းပ

ရခိုင်ဒေသထွက်ကုန်တွေ လူထုပိုမိုသိရှိလာစေဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနဲ့ ရောင်းချပွဲကို စစ်တွေမြို့ ခိုင်သဇင်ပန်းခြံမှာ ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပနေတယ်လို့ ပွဲကျင်းပရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီပွဲကို ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာလို့ ကျင်းပရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“ရခိုင်ဒေသထွက်ကုန်တွေကို လူထုပိုမိုသိရှိလာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ရတာ။ ရခိုင်ထွက်ကုန်တွေကို လူထုစိတ်ဝင်စားမှုတွေရှိလာမယ်။ ဒေသအတွင်းမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ အဆင့်အတန်း အရည်အသွေးတွေကိုလည်း လူအများသိရှိလာအောင် အခုလို ပြပွဲပြုလုပ်ရတာဖြစ်တယ်။”

MSME ပြပွဲမှာ ရခိုင်ပြည်နယ် မြို့နယ်အနှံ့က လုပ်ငန်းရှင်တွေရဲ့ ဒေသထွက် ရိုးရာ ရက်ကန်းနဲ့ အဝတ်အထည်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ အလှကုန်ပစ္စည်းတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးသုံးပစ္စည်းတွေ၊ အဖျော်ယမကာတွေ စသဖြင့် ဆိုင်ခန်း ၅၁ ခန်း ပြသထားပါတယ်။

အခမ်းအနားမှာ စစ်ကောင်စီခန့် ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က “အခုပြပွဲကတဆင့် MSME လုပ်ငန်းရှင်တွေ၊ ဒေသတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်ပြီး ဈေးကွက်အခွင့်အလမ်းတွေ ရယူကြပါ။ အရည်အသွေးရှိတဲ့ လုပ်ငန်းများ ဖြစ်လာအောင်လည်း ဆက်လက်ကြိုးပမ်းကြပါ”လို့ အဖွင့်အမှာစကား ပြောကြား တိုက်တွန်းထားပါတယ်။

အခုကျင်းပနေတဲ့ MSME ပြပွဲမှာ ရခိုင်ပြည်အနှံ့အပြားက ဒေသထွက်ကုန်ပစ္စည်းတွေကို တနေရာတည်းမှာ အစုံအလင် ပြသထားတာကြောင့် ပြည်သူတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုနေတယ်လို့ ပါဝင်ဆင်နွှဲနေတဲ့ MSME လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up