ယူကရိန်းကို ထောက်ပံ့သည့် လက်နက်များကို ပစ်မှတ်ထား ဖျက်ဆီးမည်ဟု ရုရှား ခြိမ်းခြောက်

ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့ လက်နက်အားလုံးဟာ ရုရှားတပ်ဖွဲ့တွေအတွက် တရားဝင်ပစ်မှတ်တွေဖြစ်ပြီး အဲဒီလက်နက်တွေဟာ ဖျက်ဆီးခံရမှာ ဒါမှမဟုတ် သိမ်းယူသွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဒီဇင်ဘာ ၁၅ ရက်က အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဝါရှင်တန်ဟာ ယူကရိန်းကို ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပေးပို့မယ့် အစီအစဉ်ကို အပြီးသတ်နေပြီဖြစ်ပြီး ဆုံးဖြတ်ချက်ကို အခုသီတင်းပတ်မှာ မကြာခင် ထုတ်ပြန်ကြေညာနိုင်လိမ့်မယ်လို့ အမေရိကန် အရာရှိသုံးဦးက ဒီဇင်ဘာ ၁၃ ရက်မှာ ရိုက်တာကို ပြောကြားခဲ့ပါတယ်။
ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ လေယာဉ်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထဲက တခုလို့ သတ်မှတ်ခံထားရတာပါ။
ဒီလက်နက်လွှဲပြောင်းမှု အဆိုပြုချက်ဟာ ရန်စတဲ့ကိစ္စဖြစ်ပြီး မှန်းဆလို့မရတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဝါရှင်တန်ရှိ ရုရှားသံရုံးက ပြောကြားထားပါတယ်။
“ဝါရှင်တန်ဟာ တခြား နေတိုးနိုင်ငံတွေရဲ့ လက်နက်တွေကို ယူကရိန်းရဲ့စစ်ရေးကိစ္စထဲကို ပိုပြီး များများထည့်ဝင်ဖို့ တောင်းဆိုပြီး လှည့်ဖျားနေတယ်” လို့လည်း ဆိုပါတယ်။
ကိယက်ဗ်အစိုးရကို ၁၀ လတာကာလအတွင်း နေတိုးရဲ့ လက်နက်ထောက်ပံ့မှုဟာ ဒေါ်လာ ၄၀ ဘီလီယံကျော်ရှိကြောင်း နိုဝင်ဘာ ၃၀ ရက်က ဘူခါရက်စ်မှာပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားတာဖြစ်ပြီး ဒါဟာ ၂၀၂၂ ခုနှစ် ပြင်သစ်ရဲ့ စစ်ရေးအသုံးစရိတ်နဲ့ နှိုင်းယှဉ်နိုင်တယ်လို့လည်း မာရီယာ ဇာခါရိုဗာက ပြောပါတယ်။