တူရကီတွင် ကားဗုံးပေါက်ပြီး ရဲအရာရှိ ၈ ဦး ဒဏ်ရာရ

တူရကီနိုင်ငံအရှေ့တောင်ပိုင်း ဒီရာဘာကီယာပြည်နယ်က အဝေးပြေးလမ်းမပေါ်မှာ ရဲတွေလိုက်ပါလာတဲ့ မီနီဘတ်စ်ကားတစီး ဖြတ်သန်းချိန် လမ်းဘေးတနေရာရှိ ကားတစီး ဗုံးပေါက်ကွဲမှုကြောင့် ဒီဇင်ဘာ ၁၆ ရက်က ရဲအရာရှိ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီရာဘာကီယာ အုပ်ချုပ်ရေးမှူး အလီ အီဆန်စုက “ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို စောင့်ကြည့်ဆေးကုပေးဖို့ ဆေးရုံကို ပို့ဆောင်ထားပါတယ်။ အဲ့ဒီထဲက ရဲအရာရှိ ၇ ဦးက ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပေမဲ့ ကျန်တဲ့ ၂ ဦးကိုတော့ စောင့်ကြည့်စစ်ဆေးနေဆဲဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ထိခိုက်မှုမျိုး မရှိဘူး”လို့ အခင်းဖြစ်ရာမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီဗုံးခွဲမှုကို ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဒါဟာ ဒေသတွင်း အကြီးဆုံးမြို့ဖြစ်တဲ့ ဒီရာဘာကီရာမြို့ ဗဟိုတောင်ဘက်ရှိ ၆ မိုင်အကွာက အသား၊ ငါးဈေးတခုအနီးမှာ ဒီပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ အတည်ပြုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ခံ ပြောဆိုမှုမျိုး မရှိသေးပါဘူး။
တူရကီနိုင်ငံမှာ အရင်ကတော့ ကာ့ဒ်တွေ၊ လက်ဝဲဝါဒီတွေနဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေက ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။