close

အကြမ်းဖက်စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ရန် NUG ဝန်ကြီး အီးယူနှင့်ဆွေးနွေး

ဘယ်လ်ဂျီယံနိုင်ငံမှာ ရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဥရောပသမဂ္ဂ (အီးယူ)တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို စီးပွားရေးပိတ်ဆို့ အရေးယူဖို့အပါအဝင် မြန်မာ့အရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာဌာန အထွေထွေအတွင်းရေးမှူး စတက်ဖနိုဆန်နီနိုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဒီဇင်ဘာ ၁၆ ရက်က ဘယ်လ်ဂျီယံ နိုင်ငံ ၊ ဘရပ်ဆဲမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ရက်က အီးယူ-အာဆီယံဆွေးနွေးဘက် ဆက်ဆံရေး (၄၅) နှစ်ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကြေညာချက်မှာ မြန်မာ့အရေး ကို မပျက်မကွက်ထည့်သွင်းဖေါ်ပြတဲ့အတွက်ကျေးဇူး တင်ကြောင်း၊ ဥရောပသမဂ္ဂ အပါအဝင် မြန်မာ့အရေးမိတ်ဖက်၊ ဆွေးနွေးဖက်နိုင်ငံတွေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေအကြား ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ နည်းလမ်းတွေရှာဖွေ သွားဖို့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့နဲ့  ဆက်စပ်တဲ့ မိသားစုဝင်တွေကို စီးပွားရေးပိတ်ဆို့ အရေးယူမှု အပါအဝင် ဥရောပသမဂ္ဂရဲ့ ကျင့်သုံးနေတဲ့ ဥပဒေတွေအတွင်းကနေ  ဆက်လက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မယ့်ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ NUG သတင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်

အဆိုပါတွေ့ဆုံပွဲကို အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ အီဂေါဒရီစမန်းစ်နဲ့ အာရှဒေသ စီမံခန့်ခွဲမှု ဒု-ညွန်ကြားရေးမှူး အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ အာဆီယံဒေသတွင်းက ခေါင်းဆောင်တွေလည်း အီးယူ- အာဆီယံ ထိပ်သီးအစည်းအဝေးတက်ဖို့ ရောက်ရှိနေကြတာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုတော့ အစည်းအဝေးတက်ဖို့ ဖိတ်ကြားတာမရှိတဲ့အတွက် တက်ရောက်ခွင့်မရပါဘူး။

Photo- NUG

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up