close

အီးယူနှင့် အာဆီယံခေါင်းဆောင်များ ဘရပ်ဆဲလ်မြို့တွင်တွေ့ဆုံ၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

ဥရောပသမဂ္ဂ (အီးယူ) နဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးအတွက် ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ ဒီဇင်ဘာ ၁၄ ရက်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီထိပ်သီးအစည်းအဝေးဟာ အီးယူနဲ့ အာဆီယံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့အတွက် ပထမဆုံး ထိပ်သီးအစည်းအဝေးအနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။

အီးယူခေါင်းဆောင်တွေဟာ ရုရှားအပေါ် ဝေဖန်တဲ့ အသုံးအနှုန်းတွေနဲ့အတူ ပြတ်ပြတ်သားသား ဖိအားပေးခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ အီးယူအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံရဲ့ ခေါင်းဆောင်တွေက သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အစည်းအဝေးကို တက်ရောက်လာခဲ့ကြပြီး အာဏာသိမ်းစစ်တပ် အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကိုတော့ ချန်လှပ်ခံထားရပါတယ်။

အစည်းအဝေးတက်ရောက်လာကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဒီအဖွဲ့ ၂ ဖွဲ့ဟာ လေကြောင်းလိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကိုလည်း ပိုလွယ်လွယ်ကူကူ တိုးချဲ့ခွင့်ပြုဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်ကလည်း လာမယ့် ၂၀၂၇ ခုနှစ်အထိ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍနဲ့ ရေရှည်တည်တံ့နိုင်တဲ့ စိုက်ပျိုးရေးကဏ္ဍတွေအတွက် အာဆီယံမှာ ယူရို ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။

အီးယူဟာ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ကို ကျော်လွန်ပြီး ကုန်သွယ်ရေးပိုတိုးချဲ့ဖို့ လိုလားနေကာ အင်ဒိုနီးရှားနိုင်ငံနဲ့လည်း ညှိနှိုင်းနေပါတယ်။

ဒီဒေသတွင်းအုပ်စုတွေဟာ တအုပ်စုနဲ့တအုပ်စုအတွက် တတိယအကြီးဆုံး ကုန်သွယ်ဘက်တွေအဖြစ် တည်ရှိနေတာပါ။

ဒီထိပ်သီးအစည်းအဝေးရဲ့ ထုတ်ပြန်ချက်ထဲမှာ တောင်တရုတ်ပင်လယ်အရေး တည်ငြိမ်အေးချမ်းဖို့နဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ကိစ္စရပ်အပြင် ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေ မတည်ငြိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပူးပေါင်းတောင်းဆိုသွားဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up