နယူးဒေလီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာ

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ လေထုညစ်ညမ်းမှု အခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် ဒီဇင်ဘာ ၁၉ ရက်က မီးခိုးမြူထုကြီးတွေဟာ မြို့တော်ကို ဖုံးလွှမ်းနေပါတယ်။
နယူးဒေလီမြို့မှာ အပူချိန်ကျဆင်းပြီး လေငြိမ်နေတာကြောင့် လေထုညစ်ညမ်းစေတဲ့ ပါဝင်ပစ္စည်းတွေကို ပိတ်မိစေသလို ဖြစ်နေတာပါ။
ရက်နည်းနည်းသာ ကောင်းကင်မှာ ကြည်လင်ခဲ့ပြီးတဲ့နောက် လူဦးရေ သန်း ၂၀ ကျော် နေထိုင်တဲ့ ဒီမြို့တော်ရဲ့ လေထုအရည်အသွေး အလုံးစုံဟာ “အလွန်ဆိုးဝါးတဲ့” လေထုအမျိုးအစားအဖြစ် ရောက်ရှိလာပါတယ်။
တချို့နေရာတွေမှာ လေထုညစ်ညမ်းမှု အခြေအနေ “ပိုမိုပြင်းထန်တယ်” လို့ ဗဟိုညစ်ညမ်းမှု ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရဲ့ အချက်အလက်တွေက ဆိုပါတယ်။
ဒီလေထုအရည်အသွေး ညွှန်းကိန်းဟာ အနန်ဗီဟာဒေသမှာ ၄၅၇ အထိ ရောက်ရှိနေပြီး ဒါဟာ လေထုအရည်အသွေး “ကောင်းမွန်တယ်” တယ်ဆိုတဲ့ အဆင့်ထက် ကိုးဆ ပိုမိုဆိုးရွားနေတာပါ။
“မျက်နှာဖုံး မတ်စ်ကို ချွတ်လိုက်တာနဲ့ ပါးစပ်က ခါးသလိုလို ခံစားနေရတယ်။ မျက်လုံးကိုသာ မကာမိထားဘူးဆိုရင် တယောက်ယောက်က မျက်လုံးထဲ ငရုတ်သီးလာဖြူးနေသလိုကို ကျိန်းစပ်နေတာပါပဲ”လို့ အသက်ရှူရတာ အခက်အခဲရှိနေတဲ့ ဒေသခံဖြစ်သူ အက်စ်-ကေ-ဂေါင်အာက ညည်းညူခဲ့တာပါ။
အိန္ဒိယမြို့တော်ရဲ့ လေထုညစ်ညမ်းမှုကြောင့် ဆောင်းရာသီရောက်တိုင်းမှာ ပန်းနာရင်ကျပ်နဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာလို ဖျားနာမှုမျိုး မြို့ခံတွေ ကြုံတွေ့နေရပါတယ်။
လေထုက လေးပင်နေလို့ မော်တော်ယာဉ်တွေက ထုတ်လွှင့်မှုတွေ၊ ဆောက်လုပ်ရေးက ဖုန်မှုန့်တွေနဲ့ လယ်ယာမြေမီးရှို့ရာက ကျန်ရှိတဲ့ အကြွင်းအကျန်တွေဟာလည်း လေထုနေရာအနှံ့ကို လွယ်လွယ်ကူကူ ပြန့်လွင့်မသွားနိုင်တာကြောင့် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာပါ။
အစိုးရရဲ့ လေထုအရည်အသွေးနဲ့ မိုးလေဝသခန့်မှန်းချက် သုတေသနစနစ်ကတော့ အပူချိန်ကျဆင်းမှုနဲ့ လေတိုက်နှုန်း လျော့ကျလာတာကြောင့်သာ လေထုညစ်ညမ်းမှု ဖြစ်ရတာလို့ အပြစ်ဖို့ခဲ့ပါတယ်။