အိန္ဒိယတွင် အဆိပ်သင့်အရက် သောက်မိပြီး သေဆုံးသူ ၈၀ ကျော်အထိမြင့်တက်

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၊ ဆာရန်ခရိုင်မှာ အဆိပ်သင့်အရက်တွေ သောက်မိလို့ သေဆုံးသူဦးရေဟာ ဒီဇင်ဘာ ၁၈ ရက်မှာ ၈၄ ဦးအထိ မြင့်တက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဆာရန်ခရိုင် ချာပူရ ဧရိယာမှာ တနင်္ဂနွေနေ့အထိ ပြင်းထန်တဲ့ အရက်သေစာ သောက်သုံးမှုကြောင့် လူ ၃၈ ဦး ထပ်မံသေဆုံးခဲ့တာပါ။ အရက်သောက်ပြီးတဲ့နောက် လူတွေ အော့အန်လာပြီး အခြေအနေ ဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချာပူရက ဒေသန္တရဆေးရုံတရုံမှာ အရက်ပုန်းသောက်ရာက အဆိပ်သင့်မှုကြောင့် ဆေးကုသခံနေရတဲ့ လူနာ ၈ ယောက်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပါတယ်။
ဘီဟာပြည်နယ်မှာ အရက်သောက်တာဟာ တရားမဝင်လို့ ဒီလူနာတွေဟာ ကျန်းမာရေး ထိခိုက်တဲ့အပြင် ထောင်ဒဏ်ကိုပါ ထပ်ခံရဦးမှာပါ။
ဆေးရုံမှာ ဆေးကုခံနေတဲ့ လူနာအများစုက အလုပ်ကြမ်းသမားတွေအဖြစ် အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ဝင်ငွေနည်းသူတွေပါ။
ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ဖို့ အရက်သောက်တာဟာ သူတို့ရဲ့ နေ့စဉ်ဘဝ တစိတ်တပိုင်း ဖြစ်နေပြီလို့ ပြောခဲ့ကြပါတယ်။