အီရတ်တွင် ဗုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံက ရေနံကြွယ်ဝတဲ့ ခါခွပ်ခ်မြို့ အနောက်တောင်ဘက်မှာ ဒီဇင်ဘာ ၁၈ ရက်က ဗုံးတလုံးပေါက်ကွဲပြီး ပြည်ထောင်စုရဲတပ်ဖွဲ့ဝင် ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ် ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြို့အနောက်တောင်ဘက် မိုင် ၂၀ နီးပါးအကွာမှာရှိတဲ့ ဆာဖရာရွာနားမှာ အစောင့်အရှောက်အဖြစ် လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဗုံးထောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တခြား ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
သေဆုံးမှုမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဈာပနအခမ်းအနားကို အီရတ်နိုင်ငံအလယ်ပိုင်းက ဘာသာရေးဆိုင်ရာ မြို့တခုဖြစ်တဲ့ နာဂျဖ့်မှာ ကျင်းပခဲ့ပြီး ဒီဖြစ်ရပ်အတွက် ဝမ်းနည်းပူဆွေးသူတွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
အီရတ်နိုင်ငံဝန်ကြီးချုပ် ရှီယာ အယ်လ် ဆူဒါနီ ကတော့ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုဆိုင်ရာ အစိတ်အပိုင်းတွေကို ရှာဖွေဖမ်းဆီးဖို့ အမိန့်ပေးခဲ့သလို ပြည်ထောင်စုရဲတပ်ဖွဲ့မှူးကိုပါ အခင်းဖြစ်ပွားရာမှာ နောက်ထပ် စုံစမ်းစစ်ဆေးဖို့ စေလွှတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။
ဒီတိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာလို့ တာဝန်ခံပါတယ်။
တချိန်တုန်းက အီရတ်နိုင်ငံရဲ့ ပိုင်နက်အများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့ အိုင်အက်စ်အဖွဲ့အပေါ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ အနိုင်ရရှိခဲ့ပြီလို့ အီရတ်က ကြေညာခဲ့ဖူးပါတယ်။
အိုက်အက်စ်စစ်သွေးကြွတွေဟာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အဲ့ဒီဧရိယာတဝိုက်က လမ်းဘေးမှာ ဗုံးထောင်ပြီး ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာလို့ အီရတ်ရဲအရှိတွေက ပြောရင်း အိုင်အက်စ်အဖွဲ့ရဲ့ ပါဝင်မှုကို အတည်ပြုပါတယ်။
၂၀၁၇ ခုနှစ်မှာ အိုင်အက်စ် စစ်သွေးကြွအဖွဲ့တွေ ရှုံးနိမ့်ခဲ့ပေမဲ့ ကျန်ရှိနေသေးတဲ့ အကြွင်းအကျန် အဖွဲ့တွေက အီရတ်နိုင်ငံ ဒေသအသီးအသီးရှိ အစိုးရတပ်ဖွဲ့ဝင်တွေကို “တိုက်ခိုက်ပြီး ထွက်ပြေး” တဲ့ နည်းဗျူဟာနဲ့ ပြောင်းလဲဆောင်ရွက်နေကြပါတယ်။