close

ကလေးနှင့် ကောလင်းတွင် စစ်တပ်က ဒေသခံနေအိမ်များနှင့် စပါးများကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အနောက်တောင်ပိုင်းမှာတည်ရှိတဲ့ သုံးအိမ်စုကျေးရွာရှိ  ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်းကစပြီး မီးရှို့ဖျက်ဆီး‌နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုံးအိမ်စုကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်အရေအတွက် ကိုတော့ မသိရသေးဘူးလို့ ဒေသခံရွာသားတွေက ဆိုပါတယ်။

သုံးအိမ်စုကျေးရွာက စစ်ဘေးရှောင်ဒေသခံတဦးက “ပထမအကြိမ် မီးရှို့ခံရလို့ ရွာမှာမနေရဲကြဘဲ မြို့ပေါ်မှာ အိမ်ငှားနဲ့ နေကြသေးတယ်။ နောက်ပိုင်း ရွာမှာ အေးတယ်။ စစ်ကြောင်းမထိုးတော့လောက်ဘူး ထင်ပြီး ရွာမှာနေကြတာ။ အခုတကြိမ် ထပ်ရှို့ခံရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ သုံးအိမ်စုကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ သုံးအိမ်စုရွာက ဒေသခံ‌‌တွေနဲ့ သုံးအိမ်စုကျေးရွာအနီးက မြောင်းဆုံကျေးရွာက ဒေသခံတွေပါ ဘေးလွတ်ရာ ဒေသတွေမှာ တိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီသုံးအိမ်စုကျေးရွာ ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က အခုနှစ် မေလ ၃၀ ရက်ကလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ကလေးမြို့နယ်ကို စစ်ကောင်စီတပ်က အင်တာနက်လိုင်းတွေ ဖြတ်တောက် သတင်းအမှောင်ချထားတာ ၁၀ လဝန်းကျင် ရှိနေပြီဖြစ်ပြီး ကလေးမြို့နယ်အတွင်း အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကာ ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အနောက်ခြမ်းမှာ ဒီဇင်ဘာ ၁၈ ရက် မနက် ၉ နာရီလောက်က အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ KLPDF တပ်ရင်း-၂ ကောလင်း(ပကဖ) အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တောင်သူတွေရဲ့ လယ်တဲတွေရယ်၊ ရိတ်သိမ်းထားတဲ့ စပါး တင်း ၂၅၀ လောက်နဲ့ ထွန်စက် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။

ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “တောင်ယာကြီး‌တောရွာအနီးမှာ ဆီဆုံရွာက စစ်ကောင်စီအဖွဲ့နဲ့ မနက် ၈ နာရီ ၄၅ မိနစ်လောက် ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုရှိခဲ့တယ်။ တောင်ယာကြီးရွာက စပါးတင်း ၂၅၀ နဲ့ ထွန်စက်တလုံး မီးရှို့သွားတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ဆက်လက်ထွက်ခွာသွားပြီး ရေကန်သာရွာမှာ ရောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းတလျှောက်မှာရှိ‌တဲ့ ကျေးရွာတွေကို ဒီဇင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးရာ လက်ခုပ်ကုန်းရွာက လူနေအိမ် ၃၃ လုံး၊ လွဲဆိပ်ရွာ‌က လူနေအိမ် ၄ လုံး၊ ဘောရွာက ၁၈ လုံး လောလောဆယ် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up