close

ကန့်ဘလူတွင် ၆ တန်းကျောင်းသားတဦးအား စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းက ဇီးပင်သာရွာအား  စစ်‌ကောင်စီတပ်နဲ့ ပျူစောထီးတွေ မနေ့ညက ဝင်ရောက်စီးနင်း မီးရှို့ပြီး အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသား တဦးအား ပစ်သတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၅၀ လောက်ဟာ ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်မှာ ဇီးပင်သာရွာအား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက် စီးနင်းပြီး အခုလို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

"မပြေးသာဘူးဗျ၊ မနေ့က ညဘက်ကြီးဝင်လာတော့ မီးရှို့ ပစ်ခတ်ပြီး ပြန်ထွက်သွားတယ်။ ကလေးအိမ်လည်း မီးရှို့ခံရတယ်။ ကလေးက အိမ်သာနားပုန်းနေတာ ပစ်သတ်ခံရတယ်လို့ သိရတယ်" လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ၆ တန်းကျောင်းသားမှာ ဆေးကုသမှု မပေးနိုင်ခင် နေရာမှာပဲ သေဆုံးခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကန့်ဘလူခရိုင်မှာ စစ်ကောင်စီအာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီမှ စတင်ပြီး ဒီနေ့အချိန်ထိ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၈၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up