ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပြန်ကန်ရန် တောင်းဆိုသည့် ပရိသတ်များကို ဒိုင်လူကြီး ပြန်လည်တုံ့ပြန်

ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကို ဒိုင်တွေရဲ့ မှားယွင်းမှုကြောင့် ပြန်ကန်ပေးဖို့ တောင်းဆိုခဲ့တဲ့ ပြင်သစ်ပရိသတ်တွေကို ကွင်းလယ်ဒိုင်လူကြီး ဆီမွန်မာချီညက်က ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ပြင်သစ်ပရိသတ် နှစ်သိန်းကျော်ဟာ ဗိုလ်လုပွဲစဉ်ကို ပြန်ကန်ပေးဖို့ အွန်လိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပြီး အာဂျင်တီးနားရရှိခဲ့တဲ့ သွင်းဂိုး နှစ်ဂိုးဟာ ခွင့်မပြုသင့်တဲ့ ဂိုးတွေလို့လည်း ဆိုပါတယ်။
ပရိသတ်တွေအပြင် ပြင်သစ်မီဒီယာတချို့ကလည်း မက်ဆီရဲ့ အချိန်ပို သွင်းဂိုးမှာ ဂိုးမဝင်ခင် အရန်ခုံတန်းက ကစားသမား နှစ်ဦးက ကွင်းထဲကို ရောက်ရှိနေလို့ စည်းမျဉ်းအရ ဂိုးမပေးသင့်ဘူး လို့ ဖော်ပြခဲ့ကြတာပါ။
ဘောလုံး ဥပဒေ(၃)၊ အပိုဒ်(၉)မှာ ဂိုးသွင်းနေချိန်မှာ အပြင်က လူ တစ်ဦးဦးက ကွင်းထဲဝင်နေမယ်ဆိုရင် သွင်းဂိုးကို ခွင့်မပြုဘဲ အလွတ်တည်ကန်ဘောသာပေးရမယ်လို့ ပါရှိကြောင်း ပြင်သစ်သတင်းစာ L’Equipe က ထောက်ပြခဲ့တာပါ။
ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တဲ့ ပိုလန်ဒိုင်လူကြီး မာချီညက်ကတော့ အမ်ဘာပေဂိုး သွင်းနေချိန်မှာ အရန်ခုံတန်းက ပြင်သစ်ကစားသမား ၇ ဦးအထိ ကွင်းထဲဝင်ရောက်နေကြောင်း ဖုန်းထဲက ဓာတ်ပုံ သက်သေနဲ့တကွ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။