ကိုဆိုဗိုမြောက်ပိုင်းရှိ ရဲတပ်ဖွဲ့ ပြန်ရုပ်သိမ်းရန် ဆာ့ဘ်လူမျိုးများ ဆန္ဒပြ တောင်းဆို

လူနည်းစု ဆာ့ဘ်လူမျိုးတွေ စုစည်းနေထိုင်တဲ့ ကိုဆိုဗိုနိုင်ငံမြောက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းပေးဖို့ ထောင်ပေါင်းများစွာသော ဆာ့ဘ်လူမျိုးတွေက အယ်ဘေးနီယားလူမျိုး အဓိကပါဝင်တဲ့ ကိုဆိုဗိုအစိုးရအဖွဲ့ကို ဒီဇင်ဘာ ၂၂ ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ပေ ၈၀၀ ကျော် ရှည်လျားသော ဆားဘီးယားအလံကို ကိုင်ဆောင်ထားပြီး အဲဒီစုဝေးပွဲကို နေတိုးငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့က အီတလီစစ်သားတွေကလည်း အဝေးက စောင့်ကြည့်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ဆန္ဒပြမှုအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတွေကို ဆာ့ဘ် ရဲအရာရှိဟောင်း တစ်ဦးက တိုက်ခိုက်ခဲ့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရပြီးနောက်မှာ ဒေသခံ ဆာ့ဘ်တွေကလည်း ဒီဇင်ဘာ ၁၀ ရက်က မြောက်ပိုင်းဒေသမှာ လမ်းပိတ်ဆို့မှု ၉ ခုအထိ လုပ်ဆောင်ခဲ့ပြီး ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအထိ ရှိခဲ့ပါတယ်။
ဆန္ဒပြပွဲကို လူမျိုးစုအလိုက် ပိုင်းခြားထားတဲ့ မစ်ထရော့ဗစ်ကာမြို့ကနေ ကီလိုမီတာ အနည်းငယ် အကွာမှာရှိတဲ့ ရူဒဲကျေးရွာအနီးမှာ ပြုလုပ်ခဲ့တာပါ။
အဓိကလမ်းမကြီးကိုတော့ ကျောက်စရစ်တင်ထရပ်ကားတွေ၊ စက်ယန္တရားကြီးတွေနဲ့အတူ ပိတ်ဆို့ ထားပါတယ်။
ဆားဘီးယားမှထုတ်ပေးထားတဲ့ ကားလိုင်စင်နံပါတ်ပြားတွေကို ကိုဆိုဗိုထုတ် နံပါတ်ပြားတွေနဲ့ အစားထိုးဖို့ ကိုဆိုဗိုအစိုးရက ဆုံးဖြတ်ခဲ့တာကြောင့် မြောက်ပိုင်းအုပ်ချုပ်ရေးနယ်မြေက ဆာ့ဘ် မြို့တော်ဝန်တွေအပါအဝင် ရဲအရာရှိ ၆၀၀ ကျော်နဲ့ ဒေသဆိုင်ရာတရားသူကြီးတွေဟာ ပြီးခဲ့တဲ့လ က ရာထူးကနေ နုတ်ထွက်ခဲ့ကြပါတယ်။
ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီကတော့ မြောက်ပိုင်းဒေသက လစ်လပ်ရာထူးနေရာတွေမှာ အစားထိုးဖို့ စီစဉ်နေပေမယ့် ဆာ့ဘ်လူမျိုးတွေရဲ့ အပြင်းအထန် ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတာပါ။
ဆားဘီးယားသမ္မတ အလက်စန္ဒား ဗူးချီချ် ကလည်း ကိုဆိုဗိုမြောက်ပိုင်းမှာနေထိုင်တဲ့ ကိုဆိုဗို-ဆာ့ဘ်စ် ၅၀၀၀ ကျော်ကို အပြည့်အဝ ထောက်ခံကြောင်းနဲ့ ဒါတွေဟာ သူတို့ရဲ့တရားဝင် တောင်းဆိုမှုတွေဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။