နာဂေါ်နို-ကရာဘာ့ခ် ခွဲထွက်နယ်မြေပြန်ဖွင့်ရေး ရုရှားကို အာမေးနီးယားတောင်းဆို

နာဂေါ်နို-ကရာဘာ့ခ် ခွဲထွက်နယ်မြေကို ပိတ်ဆို့ထားမှုဟာ အခုဆို သီတင်းနှစ်ပတ်ရှိလာပြီဖြစ်လို့ အစာရေစာ ပြတ်လပ်နေပြီလို့ အာမေးနီးယန်းဝန်ကြီးချုပ် နီကိုးလ်ပါရှင်ယန်က ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားလိုက်ပြီး အဇာဘိုင်ဂျန်ကို အပြစ်တင်လိုက်ပါတယ်။
ပါရှင်ယန်ဟာ နာဂေါ်နို - ကရာဘာ့ခ် အဝိုင်းနဲ့ ချိတ်ဆက်ထားတဲ့ အဇာဘိုင်ဂျန်ကို ဖြတ်သွားတဲ့ လမ်းကြောင်းကို ဆက်ဖွင့်ထားဖို့ ပျက်ကွက်မှုအတွက် ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေကို ဝေဖန်ခဲ့ပါတယ်။
အာမေးနီးယန်းဝန်ကြီးချုပ်က သူဟာ အဇာဘိုင်ဂျန်ဆီကို လမ်းကြောင်းပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးဖို့ စည်းကမ်းချက်တွေကို အဆိုပြုခဲ့ကြောင်း ပြောပါတယ်။
အဇာဘိုင်ဂျန်ကလည်း သူတို့ဟာ နာဂေါ်နို-ကရာဘာ့ခ် နယ်မြေမှာ တရားမဝင် အာမေးနီးယန်း သတ္တုတူးဖော်မှုကို ဆန့်ကျင်တဲ့ အစစ်အမှန် ဆန္ဒပြမှုမှာ ပါဝင်ခဲ့ကြပြီးတော့ ရုရှားငြိမ်းချမ်းရေးတပ်တွေက အဲဒီလမ်းကို ပိတ်ခဲ့တာလို့ ဆိုပါတယ်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က ၂၀၂၀ ပြည့်နှစ် နောက်ဆုံးစစ်ပွဲအပြီးမှာ တပ်ချထားခဲ့တဲ့ ရုရှားငြိမ်းချမ်းရေးတပ်တွေဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်နဲ့အညီ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင် လုပ်ဆောင်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နာဂေါ်နို-ကရာဘာ့ခ် ဒေသရှိ အာမေးနီးယန်းတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီနဲ့ တခြားလိုအပ်တဲ့ ကုန်ပစ္စည်းတွေ ရရှိဖို့ လာချင်န် စင်္ကြံပေါ်မှာ မှီခိုနေရတာပါ။
ဒီဇင်ဘာ ၂၂ ရက်မှာတော့ ဒေသဆိုင်ရာမြို့တော် စတွတ်ပါးနာကာ့ထ် မှ ဒေသခံတွေဟာ မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါးတွေနဲ့ အစားအစာတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာတော့ လာချင်န် စင်္ကြံလမ်းကို အဟန့်အတားနဲ့ ဒီအခြေအနေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဂယက်ရိုက်ခတ်မှုတွေ ကြီးထွားလာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်က မှတ်ချက်ပြုထားပြီး စင်္ကြံတလျှောက် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် အပြည့်အဝ ပြန်လည်ထူထောင်ပေးဖို့ တောင်းဆိုထားကြောင်း ဖော်ပြထားပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်ပစ္စည်းတွေပါရှိတဲ့ မော်တော်ကားတွေ ဖြတ်သန်း သွားလာနိုင်စေဖို့ အဇာဘိုင်ဂျန် အာဏာပိုင်တွေနဲ့ ရုရှားငြိမ်းချမ်းရေးတပ်တွေကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အခုသီတင်းပတ်အတွင်း တောင်းဆို ထားပါတယ်။