အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးစည်းမျဉ်းများအားလုံး ဖယ်ရှား

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ချမှတ်ထားတဲ့ ကျန်ရှိနေသေးတဲ့ စည်းမျဉ်းအားလုံးကို ဒီဇင်ဘာလ ၃၀ ရက်မှာ ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ကြေညာပါတယ်။
နိုင်ငံရဲ့ လူဦးရေ အများစုဟာ ကိုဗစ်ရောဂါပိုးကို ဆန့်ကျင်တိုက်ထုတ်နိုင်တဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်တာကြောင့် ဒီဆုံးဖြတ်ချက်က ချက်ချင်းအသက်ဝင်မှာဖြစ်တယ်လို့ သမ္မတကပြောပါတယ်။
"စုဝေးမှုတွေနဲ့ သွားလာလှုပ်ရှားမှုတွေအပေါ်မှာ ဘာကန့်သတ်ချက်မှ မရှိတော့ဘူး" ဆိုပြီး အင်ဒိုနီးရှား သမ္မတက နောက်ဆုံးရောဂါပိုး ကူးစက်မှု ကိန်းဂဏန်းတွေပေါ်မှာ အခြေခံကာ ဆုံးဖြတ်ခဲ့တာဖြစ်တဲ့အကြောင်း သတင်းစာရှင်လင်းပွဲမှာ ပြောဆိုပါတယ်။
ဒီကြေညာမှုမတိုင်ခင်ကတည်းက အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးသူတိုင်းအတွက် လှုပ်ရှားသွားလာမှုဆိုင်ရာ ကန့်သတ်ချက်အများစုကို ဖယ်ရှားခဲ့ပြီးဖြစ်ပေမယ့် အာဏာပိုင်တွေ ကတော့ အခန်းတွင်းတွေမှာ နှာခေါင်းစည်းဝတ်ဆင်ဖို့အပြင် အများပြည်သူ နေရာတွေကို သွားလာတဲ့အခါ ကိုဗစ်ခြေရာခံ အက်ပလီကေးရှင်းကို ဆက်လက်အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားသမ္မတဖြစ်သူ ဂျိုကိုဝီဒိုဒိုကတော့ နိုင်ငံသားတွေကို ရောဂါပိုးနဲ့ပက်သက်ပြီး သတိရှိရှိ နေထိုင်ကြဖို့ တိုက်တွန်းခဲ့သလို အခန်းတွင်းနဲ့ လူထူထပ်တဲ့ နေရာတွေမှာ နှာခေါင်းစည်း ဆက်လက် ဝတ်ဆင်ထားကြဖို့အတွက် သတိပေးခဲ့ပါတယ်။