close

တနင်္သာရီရှိ ကျေးရွာများတွင် စစ်တပ်က ကုန်စည်သယ်ယူခွင့် ပိတ်ထားသဖြင့် ဒေသခံများ အခက်တွေ့

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေမှာ ကုန်စည်သယ်ပို့‌နေတဲ့ ကုန်ကားတွေကို စစ်ကောင်စီက ပိတ်ပင်ထားတဲ့အတွက် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကစပြီး ကုန်စည်ကားတွေကို စစ်တပ်က ပိတ်ပင်တားဆီးထားတာကြောင့် ကျေးရွာတွေဆီ ကုန်စည်စီးဆင်းမှု မ‌ရှိတော့တဲ့အတွက် ဒေသခံအများအပြား စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်လို့‌ ညောင်ပင်ကွင်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ကားလမ်းတွေ အားလုံးပိတ်ထားတယ်။ ၃၁ ရက်နေ့ကတည်းက ပိတ်ထားတာ။ အခုထိ ပိတ်ထားတုန်းပဲ။ ဘယ်ကားမှ မပေးသွားတော့ဘူး။ ဒါတွေကြိုသိနေလို့ ရွာကလူတွေ ကြိုပြီး ကုန်‌စည်တွေ စုဆောင်းထားကြတာ။ ခုဆို မရှိဆင်းရဲသားတွေမှာ စားသောက်ရတာ ပင်ပန်း‌ခက်ခဲနေကြတယ်။ အခုချိန်မှာ အားလုံးက မျှတပြီး‌ ဝေငှစားသောက်နေကြရတယ်။”

စစ်ကောင်စီဘက်က တိုက်ပွဲအကြောင်းပြပြီး အခုလို ကုန်စည်ကားတွေကို အသွားအလာ ပိတ်ပင်တားဆီးတာဖြစ်သလို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ကုန်စည်စီးဆင်းမှု ရပ်သွားအောင် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီဘက်မှာက ဒေသခံ PDF တွေ အများဆုံးရှိနေကြတယ်လေ။ ပြည်သူတွေကလည်း သူတို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေတော့ ဒါကို စစ်တပ်က မလိုလားဘူးလေ။ ဒလန်တချို့က သတင်းပေးတာလည်း ဖြစ်မယ်။ ဒါကြောင့် ကုန်စည်တွေ ပိတ်ပင်တာလို့မြင်တယ်။ ဆန်အိတ်‌တွေဆို ၅ အိတ်ထက် ပိုမတင်ခိုင်းဘူး။ အဓိကက ဒီဒေသမှာရှိတဲ့ PDF တွေဆီကို အစားအသောက်တွေ မရောက်နိုင်အောင်လို့ပါ။”

အခုလို စစ်ကောင်စီဘက်ကနေ ကုန်စည်တွေကို ပိတ်ပင်လိုက်တဲ့အတွက် ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းလာသလို အဲဒီမတိုင်ခင်ကလည်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အဲဒီကျေးရွာတွေက ဒေသခံ ၁,၀ဝဝ ကျော်အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up