close

ပင်လယ်ပြင်အငြင်းပွားမှုက တရုတ်နှင့် နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်ဟု ဖိလစ်ပိုင်သမ္မတ ပြော

ဖိလစ်ပိုင်နဲ့ တရုတ်တို့အကြား နက်ရှိုင်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လို ပင်လယ်ပြင်အငြင်းပွားမှုကမှ  ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဟာ ဇန်နဝါရီ ၃ ရက်ကနေ ၅ ရက်နေ့အထိ တရုတ်နိုင်ငံဆီ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားခဲ့တာပါ။ 

သူ့ ခရီးစဉ်မှာ နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ ပင်လယ်ရေကြောင်း ဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်သွယ်ရေးအဆင့်မြှင့်တင်မှုတွေ အပါအဝင် ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆွေးနွေးခဲ့တယ်လို့ မားကို့စ်က  CGTN တရုတ်သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံခေါင်းဆောင်တွေက နက်နက်ရှိုင်းရှိုင်း အမြင်ချင်း ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံကြား ကွဲလွဲမှုတွေကို သင့်လျော်အောင် စီမံ ခန့်ခွဲဖို့ သဘောတူညီခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းမြှင့်တင်ဖို့ အရေးကြီးကြောင်းနဲ့ တောင်တရုတ်ပင်လယ်အထက်မှာ လွတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ ပျံသန်းမှုဆိုင်ရာ အရေးပါမှုကို နှစ်ဖက်စလုံးက ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

နှစ်ဖက်အဖွဲ့တွေရဲ့ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်း၊ တောင်တရုတ်ပင်လယ် (DOC)၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ ၁၉၈၂ ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS)ကို အခြေခံပြီး အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရေး သဘောတူခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ရေကြောင်းသွားလာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဆက်သွယ်ရေးယန္တရား ထူထောင်ရေးဆိုင်ရာ ညှိနှိုင်းမှုအပါအဝင် ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်း အများအပြား ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up