ထိုင်ဝမ်ကို တိုက်ခိုက်ပါက တရုတ်ရင်ဆိုင်ရမည့် အကျိုးဆက်ကို ရှင်းရှင်းလင်းလင်းပြသရန် နေတိုးအကြီးအကဲဟောင်းပြော

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို တိုက်ခိုက်ရင် တရုတ်နိုင်ငံ ရင်ဆိုင်ရမယ့် ပြင်းထန်တဲ့ စီးပွားရေးအကျိုးဆက်တွေကို ဒီမိုကရက်တစ်နိုင်ငံတွေအနေနဲ့ ရှင်းရှင်းလင်းလင်း ပြသကြဖို့ နေတိုး အတွင်းရေးမှူးချုပ်ဟောင်း အန်းဒါးစ် ဖို့ဂ် ရာ့စ်မွတ်ဆင်က ဇန်နဝါရီ ၅ ရက် ထိုင်ဝမ်ကျွန်း ခရီးစဉ်အတွင်းမှာ တိုက်တွန်း ပြောလိုက်ပါတယ်။
အန်းဒါးစ် ဖို့ဂ် ရာ့စ်မွတ်ဆင်က ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနဲ့ ထိုင်ဝမ်ကို တရုတ်ရဲ့ စစ်ရေးအရ ရန်လိုမှုတို့ကြားက တူညီတဲ့အချက်ကို ဆွဲထုတ်ပြလိုက်ပြီး ဒီမိုကရေစီနိုင်ငံတွေ အနေနဲ့ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်တာကို ဟန့်တားဖို့ ယူကရိန်းနိုင်ငံ အောင်ပွဲရရှိရေးအတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောသွားပါတယ်။
“လွတ်လပ်တဲ့ကမ္ဘာက ယူကရိန်းစစ်ပွဲကို တုံ့ပြန်ရာမှာ အံ့သြစရာကောင်းတဲ့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ပြီး လက်နက်ထောက်ပံ့မှုတွေ၊ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေလည်း ပါပါတယ်။ ဒါကို ပူတင်က မမျှော်လင့်ထားဘဲ ရှီကျင့်ဖျင် ကလည်း အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာ သေချာပါတယ်” လို့ နေတိုး စစ်ဦးစီးချုပ်ဟောင်း အန်းဒါးစ် ဖို့ဂ် ရာ့စ်မွတ်ဆင်က ပြောပါတယ်။
ထိုင်ဝမ်ကို သူ့အပိုင်လို့ အခိုင်အမာဆိုနေတဲ့ တရုတ်က ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်လေတပ်ရဲ့ နေ့စဉ်နီးပါး စစ်ဆင်ရေးတွေ အပါအဝင် သူ့ရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာရပ်တည်ဖို့ ထိုင်ဝမ်ကို ဖိအားတွေ တိုးပြီးပေးနေတာပါ။
လိုအပ်လာရင် ထိုင်ဝမ်ကို သူ့ရဲ့ထိန်းချုပ်မှုအောက်ကို ပို့ဆောင်ဖို့ တရုတ်က အင်အားသုံးပိုင်ခွင့် ရှိနေပါတယ်။
ထိုင်ဝမ်ကလည်း ကိုယ့်ပြည်သူတွေသာ ကိုယ့်အနာဂတ်ကို ဆုံးဖြတ်နိုင်ခွင့်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိုင်ဝမ်ကျွန်းကို ဘယ်တုန်းကမှ မအုပ်ချုပ်ခဲ့ဘူးတာကြောင့် ပေဂျင်းရဲ့ တောင်းဆိုချက်တွေဟာ ပျက်ပြယ်သွားပြီလို့ ဆိုပါတယ်။