close

ထိုင်းတွင် နိုင်ငံခြားမှ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ စည်းကမ်း ပြန်လည်တင်းကျပ်

ထိုင်းနိုင်ငံမှာ ဒီကနေ့ ၂၀၂၃ ဇန်နဝါရီလ ၉ ရက်ကနေစပြီး နိုင်ငံတကာလေဆိပ်ကနေ ဝင်ရောက် လာမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ကိုဗစ် ၁၉ ကာကွယ်ရေးစည်းကမ်းတွေ ပြန်လည် တင်းကျပ်လိုက်ပါတယ်။ 

နိုင်ငံထဲ ဝင်ရောက်လာမယ့် အသက် ၁၈ နှစ်အထက် နိုင်ငံခြားသားတွေအနေနဲ့  ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ် ထိုးနှံပြီးကြောင်း ထောက်ခံစာ၊ ကိုဗစ် ၁၉ ဖြစ်ခဲ့ဖူးပါက လွန်ခဲ့တဲ့ ၆ လ (ရက်ပေါင်း ၁၈၀) အတွင်း ရောဂါကင်းစင်ခဲ့ပြီဖြစ်ကြောင်း  ဆရာဝန် ထောက်ခံစာလိုအပ်တယ်လို့ ပြည်သူ့လေကြောင်းလိုင်းဦးစီးဌာနက ဇန်နဝါရီ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ကိုဗစ် - ၁၉ ကူးစက်ပါက နိုင်ငံကိုပြန်ပြီးအဝင်မခံတဲ့ စည်းကမ်းတင်းကျပ်တဲ့ နိုင်ငံမှ ဝင်ရောက်လာသူများအနေနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်စဉ်ကာလ ကိုဗစ်-၁၉ ရောဂါပါ အကြုံးဝင်တဲ့ ကျန်းမာရေး အာမခံဝယ်ထားရမှာဖြစ်ကြောင်း၊ လေကြောင်းဝန်ထမ်းနဲ့ တာဝန်ဝတ္တရားကြောင့် ဝင် လာရသူတွေအနေနဲ့ မိမိအဖွဲ့အစည်းရဲ့ ထောက်ခံစာကို ကျန်းမာရေးအာမခံအစားထိုး အသုံးပြုနိုင် မယ်လို့ ဆိုပါတယ်။ 

အထက်ဖော်ပြပါ အထောက်အထားတွေ မပြနိုင်ဘူးဆိုရင် လေကြောင်းဌာနအနေနဲ့ဆက်လက်ခရီး သွားခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကိုတော့ ကာကွယ်ဆေးနဲ့ ကျန်းမာရေး အာမခံကတ် စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ပြုမှာဖြစ်ပါတယ်။ 

လေယာဉ်ကွင်းတစ်ထောက်နား (ထရန်စစ်) လုပ်တဲ့ ခရီးသည်တွေလည်း ကာကွယ်ဆေး နဲ့ ကျန်း မာရေးအာမခံကတ် စစ်ဆေးမှာမဟုတ်ဘဲ မိမိဆိုက်ရောက်မယ့်နိုင်ငံရဲ့ စည်းကမ်းချက်တွေသာ လိုက်နာရမှာ ဖြစ်ပါတယ်။ 

ခရီးသည်များအနေနဲ့ အစာစားချိန်နဲ့ အရေးပေါ်ချိန်မှအပ တချိန်လုံးနှာခေါင်းစည်းတွေ တပ်ထား ရမယ်လို့ ဆိုပါတယ်။ 

ခရီးထွက်ခွာလာစဉ် ကိုဗစ်-၁၉ ကူးစက်ကြောင်း လက္ခဏာရှိသူတွေအနေနဲ့ ဆိုက်ရောက်ချိန်မှာ ကို ဗစ်-၁၉ စစ်ဆေးခံရမှာဖြစ်ပါတယ်။ 

ဒီစည်းကမ်းချက်တွေဟာ ဇန်နဝါရီ ၉ ရက် မနက် ၁ နာရီမှ  မတ် ၃၁ ရက် ညနေ ၅ နာရီထိသာ သတ်မှတ်ထားတယ်လို့ ထိုင်းပြည်သူ့လေကြောင်းဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

တရုတ်က သူ့နိုင်ငံရဲ့တံခါးပေါက်တွေကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၉ ရက်နေ့မှာ ပထမဆုံးအသုတ်အနေနဲ့ တရုတ်ခရီးသွားဧည့်သည် ၂၈၆ ဦး Xiamen လေကြောင်းလိုင်းရဲ့  MF 833 လေယာဉ်နဲ့ သုဝဏဘုမိလေဆိပ်ကို ဆိုက်ရောက်လာ ခဲ့ပါတယ်။ 

အဆိုပါဧည့်သည်တွေကို ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီး နိုင်းအထုထင်းချန်းဝီရကွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နိုင်းဆဒ်ဒီဆယမ် ချစ်ချောက်ပ်၊ ခရီးသွားလုပ်ငန်းနဲ့ အားကစား ဝန်ကြီး နိုင်းဖိဖတ် ရတ်ချ်ကစ်ပကန်တို့ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့ပါတယ်။ 

ဇန်နဝါရီလမှ မတ်လအတွင်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်တွေ အဝင်များမှာမို့ လေကြောင်းလိုင်း ခရီးစဉ် တနေ့ကို အကြိမ် ၂၀ ပြေးဆွဲဖို့ရှိပြီး ဘန်ကောက်သုဝဏ္ဏဘုမိလေဆိပ်၊ ဖူးကက်လေဆိပနဲ့ ချင်းမိုင်လေဆိပ်ကနေ နေ့စဉ် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၄ ထောင်ကျော် ဝင်လာမယ်လို့ ထိုင်းခရီးသွားလုပ်ငန်းဌာနက ခန့်မှန်းထားပါတယ်။ 

ဘန်ကောက် ဒုခရိုင်ဝန် နိုင်းထနေ့ဆွန် ဖစ်ဆုဝမ်းကလည်း ဒီ ၂၀၂၃ ခုနှစ်ထဲ နိုင်ငံခြား ခရီးသွားဧည့်သည် ၅ သန်းခန့် ဝင်ရောက်ကာ ဝင်ငွေ ဘတ်သန်းပေါင်း ၂ သိန်းကျော်ရမယ်လို့ ခန့်မှန်းကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up