close

ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရို အမေရိကန်တွင် ‌ဆေးရုံတက်

ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုဟာ ဝမ်းဗိုက်နာရောဂါကြောင့် ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က ဆေးရုံတခုဆီ တင်ပို့ထားရတယ်လို့  ဒေသခံ အိုဂလိုဘိုသတင်းစာက ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဘော်ဆိုနာရိုရဲ့ သဘောထားတင်းမာတဲ့ ထောက်ခံသူတချို့က ဘရပ်စီးလီးယားမြို့တော် အစိုးရနေရာတွေကို ဝင်ရောက်စီးနင်းပြီးနောက် တရက်အကြာမှာ ဒီသတင်းဖော်ပြခဲ့တာပါ။

ဘော်ဆိုနာရိုဟာ ၂၀၁၈ ခုနှစ်က သမ္မတရာထူးအတွက် မဲဆွယ်စည်းရုံးနေတုန်း ဓားနဲ့ အထိုးခံရပြီးတဲ့နောက် မကြာသေးမီနှစ်တွေအတွင်း အကြိမ်ပေါင်းများစွာ ဆေးရုံတက်ခဲ့ရပါတယ်။

လက်ရှိ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗား သမ္မတတာဝန် မထမ်းဆောင်မီ နှစ်ရက်အလိုမှာ ဘော်ဆိုနာရိုဟာ အမေရိကန်နိုင်ငံဆီကို ထွက်ခွာသွားခဲ့တာပါ။

ဇန်နဝါရီ ၈ ရက်က ဘရာဇီးမြို့တော်ကို ဝင်ရောက်စီးနင်းမှုဟာ လက်ယာစွန်းသမ္မတဟောင်း ဘော်ဆိုနာရိုအနေနဲ့ “နိုင်ငံတော်အာဏာသိမ်းမှု ရာဇဝတ်မှု” မြောက်တယ်လို့ ဘရာဇီးလ် တရားရေးဝန်ကြီး ဖှလာဒီယို ဒီနိုက ဇန်နဝါရီ ၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

တရားရေးဝန်ကြီးဒီနိုက ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို ၂၀၂၁ ခုနှစ် အမေရိကန်လွှတ်တော်ကို တိုက်ခိုက်မှုနဲ့ နှိုင်းယှဉ်ခဲ့ပေမဲ့ ဘရပ်စီးလီးယားမြို့တော်က ဖြစ်ရပ်မှာ လူသေဆုံးမှုမရှိဘဲ နောက်ထပ် လူတွေကို ထိန်းသိမ်းထားတယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဘော်ဆိုနာရိုဟာ သူ့သက်တမ်းအတွင်း သူ့နောက်လိုက်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ သြဇာလွှမ်းမိုးဖို့ သူ့ရဲ့ သင်္ကေတပါဝါကို သုံးခဲ့ပြီး တရားရုံးချုပ်ကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဘော်ဆိုနာရိုကို ထောက်ခံသူတွေက ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးကတည်းက  ဆန္ဒပြနေကြတာဖြစ်ပြီး စစ်တပ်ဌာနချုပ်နဲ့ မျက်နှာချင်းဆိုင်ရှိ သပိတ်စခန်းတခုကို တနင်္လာနေ့မှာ ဘရာဇီးစစ်သားတွေက ဖြိုချခဲ့ကာ ဘရာဇီးလ်မြို့တော်မှာ စည်းကမ်းသေဝပ်အောင် ပြန်လုပ်ခဲ့ပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက သပိတ်စခန်းကို ရှင်းလင်းခဲ့ပြီး လူ ၁,၀၀၀ လောက်ကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားတယ်လို့ ရိုက်တာသတင်းဌာနက မျက်မြင်သက်သေတွေကို ကိုးကား ဖော်ပြပါတယ်။

ဘော်ဆိုနာရိုရဲ့ နောက်လိုက် ထောင်ပေါင်းများစွာဟာ သမ္မတအိမ်တော်၊ တရားရုံးချုပ်နဲ့ အောက်လွှတ်တော်တို့ကို မဝင်ရောက်မီ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ၁၉၈၀ ပြည့်နှစ်တွေက ဘရာဇီးနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း အဆိုးရွားဆုံးတိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

ဆန္ဒသူတွေကို နေရာရွှေ့ပြောင်းဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးခဲ့ရပြီး လူအများအပြားကို ဘတ်စ်ကားတွေနဲ့ ထိန်းသိမ်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up