close

ထိုင်းတွင် နိုင်ငံခြားခရီးသွားများအတွက် ကိုဗစ်စည်းကမ်းများ ပြန်ရုပ်သိမ်း

ထိုင်းနိုင်ငံထဲ နိုင်ငံတကာလေဆိပ်ကနေ ဝင်ရောက်လာမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေ လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေကို ဇန်နဝါရီ ၉ ရက်မှာ စတင်ကျင့်သုံးမယ်လို့ ပြည်တွင်းလေကြောင်းဦးစီးဌာနက ထုတ်ပြန်ခဲ့ပေမဲ့ ၂၄ နာရီမတိုင်ခင် ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

မူလက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေမှာ အသက် ၁၈ နှစ်ပြည့် ခရီးသွားဧည့်သည်တွေ ဝင်လာရင် ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးနှံထားတဲ့ ထောက်ခံစာပြသဖို့၊ ဒေါ်လာ ၁၀,၀၀၀ တန် ကျန်းမာရေးအာမခံရှိဖို့၊ ထိုင်းကနေထွက်ခွာပြီး ၇ ရက်စာ ကျန်းမာရေးအာမခံရှိဖို့ ထုတ်ပြန်ထားတာပါ။

အဆိုပါထုတ်ပြန်ချက်ကို အနောက်ဥရောပက ခရီးသွားဧည့်သည်တွေက ကန့်ကွက်ပြီး ခရီးစဉ်တွေ ပြန်လည်ရုပ်သိမ်းခဲ့တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းဦးစီးဌာနတို့ အရေးပေါ်အစည်းအဝေးလုပ်ပြီး ခရီးသွားဧည့်သည်တွေ စစ်ဆေးရေး လျင်မြန်ချောမွေ့အောင် ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အထက်ပါစည်းကမ်းချက်ကို ရုပ်သိမ်းပေမဲ့ ခရီးသည်တိုင်း ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့ တိုက်တွန်းကြောင်း၊ လူစည်ကားတဲ့နေရာမှာ နှာခေါင်းစည်းတပ်ခြင်း၊ လက်မကြာမကြာ ဆေးကြောခြင်း၊ ရောဂါလက္ခဏာပြက ATK စစ်ဆေးခြင်းတွေ ပုံမှန်လုပ်ဖို့ တိုက်တွန်းကြောင်း၊ နိုင်ငံခြားခရီးသွား အမြောက်အမြားကို လက်ခံကြိုဆိုမယ့် အိမ်ရှင်ထိုင်းနိုင်ငံသားတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၄ ကြိမ်အထိ ထိုးနှံပြီး မိမိကိုယ်ခံအားကောင်းအောင် ဆောင်ရွက်ထားဖို့ ထိုင်းကျန်းမာရေးဝန်ကြီး နိုင်းအနုထင်း ချန်းဝီရကွန်းက အစည်းအဝေးအပြီး သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ဘန်ကောက်ခရိုင်ဝန်ရုံး ပြောရေးဆိုခွင့်ရှိသူကလည်း ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ကုသပေးဖို့ အသင့်ရှိကြောင်း၊ ဇန်နဝါရီ ၉ ရက်က ဝင်ရောက်လာတဲ့ ခရီးသည်တွေထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်သူတွေ့ရှိကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ နိုင်ငံခြားခရီးသွားတွေကို Hotel Isolation မှာ သင့်လျော်တဲ့ ကုန်ကျစရိတ်နဲ့ သီးသန့်ခွဲပြီး ကုသပေးမှာဖြစ်ကြောင်း ပြောကြားပါတယ်။

တရုတ်ပြည်က နိုင်ငံတံခါးပေါက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်ဖွင့်လိုက်တဲ့နောက် တရုတ်ခရီးသွားဧည့်သည်တွေ ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး ထိုင်းနိုင်ငံထဲကို ထောင်သောင်းချီ ဝင်ရောက်လာပါတယ်။

ပထမဆုံးဝင်လာတဲ့ ရှန့်မင် တရုတ်လေကြောင်းလိုင်းမှာ ခရီးသည် ၂၆၉ ဦးပါလာပြီး ထိုင်းဝန်ကြီး ၃ ပါး ဦးဆောင်ကာ ပန်းစည်းတွေ၊ အမှတ်တရအိတ်နဲ့ ထိုင်းခရီးသွားလမ်းညွှန် လက်ကမ်းစာစောင်တွေ ဝေငှပြီး နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက် ပထမနေ့က တရုတ်ပြည် လေကြောင်းလိုင်း ၁၅ ကြောင်းကနေ တရုတ်ခရီးသွား ဧည့်သည် ၃,၄၆၅ ဦး ဝင်ရောက်ခဲ့ပါတယ်။

နေ့စဉ် ခရီးသွားဧည့်သည်ထောင်ချီ ဝင်လာဖို့ရှိတာကြောင့် ဒီ ၂၀၂၃ ခုနှစ်ထဲမှာ တရုတ်ပြည်က ခရီးသွားဧည့်သည် ၇ သန်းမှ ၁၀ သန်းထိ ဝင်ရောက်လာနိုင်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး အနုထင်းက ခန့်မှန်းပြောဆိုပါတယ်။

ခရီးသွားဧည့်သည် ထောင်နဲ့ချီဝင်လာပြီး နာရီပိုင်းအတွင်း ထိုင်းစတော့ဈေး တရှိန်ထိုး မြင့်တက်လာတယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up