၂၀၁၃ ဘလွန်းဒီအောရွှေဘောလုံးဆုကို လူမှုရေးအဖွဲ့အစည်းအတွက် လှူရန် ရော်နယ်ဒို ရောင်းချ

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၁၃ ခုနှစ်က သူရရှိခဲ့တဲ့ ဘလွန်းဒီအောဆုတံဆိပ်ကို လူမှုရေးအဖွဲ့အစည်းကို လှူဒါန်းဖို့ ရောင်းချခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက လန်ဒန်မြို့မှာ လေလံပွဲလုပ်ပြီး ရောင်းချခဲ့တာဖြစ်ကြောင်း မာကာသတင်းစာက ဖော်ပြပါတယ်။ အဲဒီ ဘလွန်းဒီအောဆုတံဆိပ်ဟာ အစစ်တော့ မဟုတ်ပေမဲ့ ရော်နယ်ဒိုကိုယ်တိုင် ပုံတူကူးယူပြီး ပြုလုပ်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုရဲ့ ဘလွန်းဒီအောဆုတံဆိပ်ဟာ ပေါင် ၅၃၁,၇၈၀ နဲ့ လေလံအောင်ခဲ့ပြီး အစ္စရေးလူမျိုး သူဌေးတဦးဖြစ်သူ အီဒန်အိုဖာက ဝယ်ယူခဲ့တာပါ။
ရော်နယ်ဒိုဟာ ရရှိခဲ့တဲ့ အဲဒီငွေကြေးအားလုံးကို လူမှုရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Make-A-Wish ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တာပါ။ ရော်နယ်ဒိုဟာ ၂၀၁၃ ခုနှစ်က တရာသီအတွင်း သွင်းဂိုး ၅၅ ဂိုး သွင်းယူနိုင်ခဲ့လို့ ဘလွန်းဒီအောဆု ရရှိခဲ့တာပါ။
ဒါပေမဲ့ အဲဒီရာသီက ချန်ပီယံလိဂ်ဆုဖလားကို ဘိုင်ယန်၊ လာလီဂါဆုဖလားကို ဘာစီလိုနာအသင်းတွေက ရရှိခဲ့ကြတာ ဖြစ်ပါတယ်။