close

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေ၊ စစ်ကိုင်းတွင် တိုက်ပွဲအများဆုံးဖြစ်

ဇန်နဝါရီ ၁၀ ရက်တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၁၉ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၈ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး သူလျှိုတွေနဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ကလေးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းအဖွဲ့က ၆၀ မမနဲ့ တိုက်ခိုက်ခဲ့ကြပြီး ပုလဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရုံးကို PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ မြောင်မြို့နယ်မှာတော့ မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ လှည့်ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ ကားတန်းကို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာတော့ စစ်ကောင်စီသတင်းပေး သူလျှိုကို LLPDF က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော် သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်း ရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေ အနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးမှာ ၂ ကြိမ်နဲ့ မန္တလေးတိုင်းဒေသကြီးမှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up