close

ပုလဲမြို့နယ် ကျေးရွာ ၈၀ ရာခိုင်နှုန်းကျော်တွင် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းနေရာမှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာပေါင်း ၂၀၀ ကျော်ထဲက ၈၀ ရာခိုင်နှုန်းကျော် ဖွဲ့စည်းပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။

ခုလိုဖွဲ့စည်းမှုကိုတော့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က NUG အစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဗဟိုကော်မတီက ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ ပြည်သူလူထုရဲ့ လူမှုဘဝနဲ့ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်သွားနိုင်ဖို့အတွက် ဖွဲ့စည်း‌ဆောင်ရွက်တာလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တာတွေအပြင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကိုပါ အာဏာသိမ်း ၂ နှစ်နီးပါး ကာလတွေအတွင်းမှာ ကျူးလွန်လာနေတာ ဖြစ်ပါတယ်။

ISP Myanmar အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်ဟာ ၂ သန်းနီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကာလတွေအတွင်း စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၉၄,၂၂၈ ယောက်ထက်မနည်း စစ်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တနိုင်ငံလုံးမှာ အများဆုံးဖြစ်လာခဲ့ပြီဖြစ်ကာ ဒီပမာဏဟာ စစ်ကိုင်းတိုင်းက လူဦးရေစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အထား ရယူပြီးတော့ စနစ်တကျ စာရင်းပြုစုကာ မှတ်တမ်းတင် ဆောင်ရွက်နေတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up