နယူးဒေလီမြို့ခံများ အဆိပ်သင့်ညစ်ညမ်းလေ ရှူနေရ

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ ဇန်နဝါရီ ၁၁ ရက်က မီးခိုးမြူထူတွေ ဖုံးလွှမ်းနေလို့ ဒေသခံတွေဟာ အအေးလှိုင်းဒဏ်ကို ခံနေရတဲ့ကြားမှာ အဆိပ်သင့်လေကြောင့် အသက်ရှူရခက်တယ်လို့ ညည်းညူနေကြပါတယ်။
“ဒေလီနဲ့ အမျိုးသားမြို့တော်ဒေသဟာ ဓာတ်ငွေ့ခန်းတွေလို လုံးလုံးလျားလျား ဖြစ်သွားတယ်။ ဒီမှာ လေထုက အရမ်းညစ်ညမ်းတယ်။ ဒီမှာ အခက်အခဲတွေ အများကြီးနဲ့ ရှင်သန်နေရတဲ့ အဆင့်အထိ ယိုယွင်းလာတယ်” လို့ ဒေသခံ ရာဂျက်စ် ကူးမားက ပြောပါတယ်။
မြို့တော်ရဲ့ လေထုအရည်အသွေးကို မြှင့်တင်ဖို့ ဒီနှစ်ပိုင်းတွေမှာ အာဏာပိုင်တွေက ရာသီဥတုအေးချိန်မှာ ထင်းနဲ့ အမှိုက်မီးရှို့တာတွေကို ထိန်းချုပ်တာတွေ အပါအဝင် အစီအမံတွေ အများကြီး လုပ်ခဲ့တာပါ။
ဒါပေမဲ့ လေထုညစ်ညမ်းမှုကို ထိထိရောက်ရောက်ထိန်းချုပ်ဖို့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသတွေမှာပါ ဒီလိုအစီအမံတွေကို ကျင့်သုံးဖို့လိုတယ်လို့ ပညာရှင်တွေက ပြောပါတယ်။