close

ရေစကြိုနှင့် မြိုင်တွင် စစ်ကောင်စီတပ် ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ Super Fighter (ရေစကြို) တပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ဇီးတော(စံပြ) ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂၁ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ Super Fighter တပ်ဖွဲ့ရဲ့ ဒုတိယတာဝန်ခံ ဗိုလ်မင်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ဒီနေ့မနက်ပိုင်းမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားတဲ့ စစ်သားတယောက် ထပ်မံသေဆုံးသွားကြောင်း သတင်းရတယ်လို့ ဆိုပါတယ်။

“အဲဒီ ဇီးတောကျေးရွာမှာ စစ်(...)အင်အား ၃၀ လောက်ဟာ ပျူ(...)တွေနဲ့ပေါင်းပြီး အထိုင်ချ တပ်စွဲထားတာက ကျနော်တို့ တော်လှန်ရေးစပြီး ၄ လလောက် အကြာကတည်းကပါ။ အဲဒီ စစ်(...)၊ ပျူ(...)တွေက အနီးပတ်ဝန်းကျင်ရွာတွေက ဒေသခံပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေကြတာ” လို့ ဗိုလ်မင်းက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Super Fighter (ရေစကြို)၊ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၁ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ MSPDF တပ်ရင်း-၄၊ CDSOM နဲ့ အညာသား ပြောက်ကျားတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ ရေနံမြေစခန်းတခု လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

မြိုင်မြို့နယ် အနောက်ပိုင်း၊ ကျောက်ခွက်ရေနံမြေ Well 2 အတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်းကို ဇန်ဝါရီ ၁၅ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တာဝေးပစ် Rocket  ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Black God ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ဒီဗွီဘီကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ အတိအကျမသိရသေးဘဲ စစ်ကောင်စီတပ်သားတွေ အော်ဟစ်ဆဲဆိုတဲ့ အသံတွေကိုတော့ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်-BLPA၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ တပ်ခွဲ ၃၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ တို့နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုနဲ့ မြိုင်မှာ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို  ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up