close

ထောင်ဒဏ်ချခံရသည့် ဘရာဇီးလ်ဘောလုံးသမား ဒန်နီအဲလ်ဗက်စ်ကို မက္ကဆီကိုကလပ်က စာချုပ်ဖျက်သိမ်း

ဘာစီလိုနာမြို့က နိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ စွပ်စွဲခံထားရတဲ့ ဘရာဇီးလ်ဘောလုံးကစားသမား ဒန်နီအဲလ်ဗက်စ်ကို အာမခံမပေးဘဲ ထောင်ဒဏ် ချမှတ်ဖို့ တရားသူကြီးက အမိန့်ချပြီးနောက်မှာ သူ့ရဲ့ လက်ရှိအသင်းဖြစ်တဲ့ မက္ကဆီကိုကလပ် ပူးမက်စ်အူနမ်ကလည်း ဇန်နဝါရီ ၂၀ ရက်မှာ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ 

ဘာအမှားမှ မကျူးလွန်ထားကြောင်း ငြင်းဆန်ထားတဲ့ အသက် ၃၉ နှစ်အရွယ် ဘောလုံး ကစားသမားကို ဘာစီလိုနာမြို့ပြင်က ဘရိုင်ယန်စ်ဝမ်း အကျဉ်းထောင်ဆီ ခေါ်ဆောင်သွားကြောင်း ဒီကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

ဇန်နဝါရီ ၂၀ ရက် အစောပိုင်းက သူ့ကို နယ်မြေခံရဲတွေက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ ပြီးနောက်မှာ သူဟာ ဘာစီလိုနာ တရားသူကြီး ရှေ့မှောက်ကို ရောက်ရှိခဲ့ပါတယ်။ 

အစိုးရရှေ့နေက အဲလ်ဗက်စ်ကို အာမခံမပေးဘဲ တရားခွင်မစခင် ထောင်ဒဏ် ချမှတ်ဖို့ တောင်းဆို ထားပါတယ်။ အဲလ်ဗက်စ်ရဲ့ ရှေ့နေတွေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်ခြင်း မရှိပါဘူး။  

ဒီကိစ္စမှာ ကျူးလွန်ခံရသူ ဆိုတဲ့ ကာယကံရှင်က ဒီလအစောပိုင်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အမှုဖွင့်ထားဆဲဖြစ်ကြောင်း ကတ်တာလိုနီးယား တရားရုံး ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။ 

အဲလ်ဗက်စ်ကလည်း အန်တန်နာ-၃ရုပ်သံနဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ သူဟာ ကလပ်ထဲမှာ တခြားလူတွေနဲ့ရှိနေခဲ့တာဖြစ်ပြီး ဒီလိုအပြုအမူမျိုး မလုပ်ခဲ့ဘူးလို့ ငြင်းဆန်ပါတယ်။ 

ဒီဘရားဇီးလ်ဘောလုံးကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပါဝင်ကစားပေးခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ လာလီဂါအသင်းကို ခဏ ပြန်ရောက်လာခဲ့ပါတယ်။ 

သူဟာ ၂၀၀၆ ခုနှစ်ကတည်းက ဘရားဇီးလ်နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ပြီး ပွဲပေါင်း ၁၂၆ ပွဲမှာလည်း ၈ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up