မာစီယယ်ကို အလိုက်ပေးပြီး ဟာရီကိန်းကို ခေါ်ယူရန် မန်ယူအသင်းကို အီရန်ရိုက် တိုက်တွန်း

မန်ယူအသင်းအနေနဲ့ တိုက်စစ်မှူး မာစီယယ်ကို အလိုက်ပေးပြီး စပါးတိုက်စစ်မှူးဟာရီကိန်းကို ခေါ်ယူဖို့ လုပ်ဆောင်သင့်ကြောင်း အီရန်ရိုက်က တိုက်တွန်းပါတယ်။
မန်ယူအသင်းဟာ တိုက်စစ်မှူးကောင်းမရှိတာကြောင့် အာဆင်နယ်နဲ့ပွဲမှာ အခက်အခဲရှိခဲ့ကြောင်း အာဆင်နယ်ဂန္ထဝင် အီရန်ရိုက်က ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် စပါးတိုက်စစ်မှူးဟာရီကိန်းကို ခေါ်ယူသင့်ပြီး အသင်းရှိ တိုက်စစ်မှူးမာစီယယ်နဲ့အတူ ပေါင်သန်း ၆၀ လောက်နဲ့ ကမ်းလှမ်းမယ်ဆိုရင် စပါးအသင်းဘက်က စဉ်းစားလာနိုင်ကြောင်း အီရန်ရိုက်ကဆိုပါတယ်။
“စာချုပ်တစ်နှစ်ပဲကျန်ရှိတော့တဲ့ ဟာရီကိန်းအတွက် ပေါင်သန်း ၆၀ လောက်ပေးပြီး မာစီယယ် ဒါမှာမဟုတ် တခြားတစ်ယောက်ယောက်ကို အလိုက်ပေးမယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုဖြစ်လာနိုင်တယ်။ မန်ယူနိုက်တက်အနေနဲ့ လိုအပ်နေတဲ့ တိုက်စစ်မှူးနေရာကို သေချာမကိုင်တွယ်ခဲ့ဘူးဆိုရင် ဦးနှောက်မရှိရာကျသွားလိမ့်မယ်။ အဲဒီအတွက် ဟာရီကိန်းက သူတို့ခေါ်ယူသင့်တဲ့သူပါပဲ” လို့ အီရန်ရိုက်ကပြောပါတယ်။
ဟာရီကိန်းအနေနဲ့လည်း ဖလားတစ်လုံးမှရယူနိုင်ခြင်းမရှိသေးတာကြောင့် မန်ယူအသင်းဆီကို ပြောင်းရွှေ့သင့်ကြောင်း အီရန်ရိုက် တိုက်တွန်းသွားခဲ့ပါတယ်။