ဂျာမနီက ယူကရိန်းကို တင့်ကားများပေးပို့မည်

ဂျာမနီနိုင်ငံက သူ့ရဲ့ Leopard 2 တင့်ကားတွေ ယူကရိန်းကို ပေးပို့ထောက်ပံ့တော့မှာ ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက်မှာ ကြေညာလိုက်ပါတယ်။
ယူကရိန်းကို တင့်ကားတွေ စေလွှတ်ရေးကိစ္စမှာ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်ရဲ့ အစိုးရနဲ့ တခြား နေတိုးမဟာမိတ်နိုင်ငံတွေအပေါ် ရက်သတ္တပတ်များစွာ ဖိအားတွေ ရှိနေခဲ့ပါတယ်။
ဂျာမန်အစိုးရဟာ ရုရှားကို စစ်ရှိန်တင်အောင် လုပ်မိသလိုမျိုး ဒါမှမဟုတ် နေတိုးမဟာမိတ်အဖွဲ့ကို ပဋိပက္ခထဲ ဆွဲသွင်းသလိုမျိုး ဖြစ်မှာကို သတိထားနေရပြီး ဆုံးဖြတ်ချက်ကို တန့်ထားခဲ့တာပါ။
“ဒီဆုံးဖြတ်ချက်ဟာ ယူကရိန်းကို အတတ်နိုင်ဆုံး အစွမ်းကုန် ပံ့ပိုးပေးနေတဲ့ ကျနော်တို့ရဲ့ လူသိများတဲ့ စည်းမျဥ်းအတိုင်းပါပဲ။ နိုင်ငံတကာနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်နေပါတယ်” လို့ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆုံးဖြတ်ချက်အရ ယူကရိန်းအတွက် Leopard 2 တင့်ကားတွေနဲ့အတူ တပ်ရင်းနှစ်ရင်း အမြန်ဖွဲ့စည်းဖို့ဖြစ်ပြီး ပထမအဆင့်မှာ ဂျာမနီက သူ့ရဲ့စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ထားမှုထဲက Leopard 2 တင့်ကား ၁၄ စီးကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
ဂျာမနီမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်ရေးက မကြာခင် စတင်တော့မှာဖြစ်ပြီး ဂျာမနီကလည်း ထောက်ပံ့ရေးအပိုင်းနဲ့ ခဲယမ်းမီးကျောက်တွေကို ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။
ဂျာမနီရဲ့ ဆုံးဖြတ်ချက်ဟာ ပိုလန်၊ စပိန်နဲ့ နော်ဝေ တို့လို တခြားနိုင်ငံတွေအတွက်လည်း သူတို့ရဲ့ Leopard တင့်ကားတွေ ယူကရိန်းကို ထောက်ပံ့ပေးဖို့ လမ်းခင်းပေးခဲ့ပါတယ်။
ဂျာမနီဟာ သူ့မိတ်ဘက်နိုင်ငံတွေကိုလည်း သူတို့ပိုင်ဆိုင်ထားတဲ့ Leopard 2 တင့်ကားတွေကို ယူကရိန်းဆီ အမြန်ပို့ဆောင်ချင်တဲ့ နိုင်ငံတွေကို သင့်တော်တဲ့ လွှဲပြောင်းခွင့်ပါမစ်ကို ထုတ်ပေးမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။