ယူကရိန်းစွမ်းအင်ဆိုင်ရာအဆောက်အဦကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်၊ ရုရှားဆေးရုံကို ယူကရိန်း တိုက်ခိုက်

ရုရှားဟာ ၂၄နာရီအတွင်း ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦတွေကို ဒုံးကျည်တွေ နဲ့ အကြီးအကျယ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက် မှာ ပြောလိုက်ပါတယ်။
ယူကရိန်း ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ပစ်မှတ်တွေကို ထိမှန်ခဲ့ပြီး ရှေ့တန်းစစ်မျက်နှာ ဆီကို အနောက်နိုင်ငံလုပ် လက်နက်တွေကို တင်ပို့နေတာကိုလည်း ဟန့်တားခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က ပြောခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ဟာ ဇန်နဝါရီ ၂၈ ရက်က နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရုရှားထိန်းချုပ်နယ်မြေထဲက ဆေးရုံ တစ်ရုံကို တိုက်ခိုက်ခဲ့လို့ လူ ၁၄ ယောက် သေဆုံးပြီး လူနာ ၂၄ ယောက်နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ဒဏ်ရာရခဲ့တယ်လို့ ရုရှားက စွပ်စွဲခဲ့ပါတယ်။
စွပ်စွဲချက်တွေကို ယူကရိန်းဘက်က ချက်ခြင်း တုံ့ပြန်တာ မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ ရုရှားထိန်းချုပ်ထားတဲ့ နိုဗိုအိုင်ဒါမှာ ရှိတဲ့ ဆေးရုံတစ်ရုံကို ထိမှန်ခဲ့ပြီး အမေရိကန်က ပံ့ပိုးပေးတဲ့ HIMARS ဒုံးပျံလွှတ်တင်ရေးစနစ်ကို သုံးထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အရပ်ဘက်နဲ့ စစ်တပ်က ဆေးဆရာတွေဟာ ဒေသခံ ပြည်သူတွေနဲ့ စစ်သားတွေကို ကုသပေး နေတဲ့ ဆေးရုံမှာ လအတော်ကြာအောင် အလုပ်လုပ်ခဲ့ကြတဲ့အကြောင်းနဲ့ အခုလို ဆေးရုံကို ရာဇ၀တ်မှုမြောက်တဲ့ တိုက်ခိုက်မှာ ပါဝင်ပတ်သက်သူတွေ အားလုံးကို တာဝန်ခံရမယ်လို့ ရုရှားဘက်က ပြောပါတယ်။