close

ကျိုင်းတောင်းမြို့တွင် မီးလောင်၊ နေအိမ် ၂ လုံးနှင့် ကား ၁ စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့မှာ ဇန်နဝါရီ ၃၀ ရက် ဒီကနေ့မနက်က မီးလောင်မှုဖြစ်ပွါးပြီး နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးထဲပါသွားတယ်လို့  ဒေသခံက ပြောပါတယ်။

ဒီမနက် ၄ နာရီကျော်လောက်က ကျိုင်းတောင်းမြို့၊ ရပ်ကွက် ၁ ကွန်မုန့်ရွာရှိ ဦးကွဏ်းတိန်ညရဲ့ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းပြီး အိမ်နီးချင်း ဦးစိန်နတို့အိမ်ပါ ကူးစက်လောင်ကျွမ်းတာလို့ ကျိုင်း‌တောင်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တာကို ကျနော်တို့စသိတော့ မနက် ၄ နာရီကျော်ပါပြီ။ မီးသတ်ဌာနကို အကြောင်းကြားတာ သူတို့ရောက်လာတော့ ပထမတစ်အိမ်အကုန်လောင်သွားပြီး၊ ဘေးအိမ်ကို လည်းဆက်ကူးသွားတယ်။ မီးသတ်ကား ၂ စီးရောက်လာပြီးငြှိမ်းသတ်တာ မနက် ၆ နာရီခွဲ လောက်မှ ငြိမ်းသွားတယ်။”

မီးလောင်သွားတဲ့ အိမ်တွေဟာ အုတ်ခံ၊ ပျဉ်ကာ၊ သွပ်မိုး  နှစ်ထပ်အိမ်တွေဖြစ်ပြီး  ပထမလောင်တဲ့အိမ်က ရပ်ထားတဲ့ အိမ်စီးကား ၁ စီးပါ‌လောင်သွားကာ အိမ်ထဲကပရိဘောဂတွေရော အတွင်းပစ္စည်းတွေပါ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းကို သေချာမသိရပေမယ့် ဝါယာကြိုးရှော့ဖြစ်တယ်လို့ ကနဦးသုံးသပ်ထားပါတယ်။

Up