close

ယူကရိန်းဆီ တင့်ကားပို့သည့် အမေရိကန်ကို မြောက်ကိုရီးယား ဝေဖန်

ယူကရိန်းဆီကို တင့်ကားတွေပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ အခြေအနေတွေ ဆက်လက်မတည်မငြိမ်ဖြစ်နေစေဖို့ ရည်ရွယ်တာဖြစ်ပြီး “ကျင့်ဝတ်မဲ့တဲ့ ရာဇဝတ်မှု” လို့ မြောက်ကိုရီးယားနိုင်ငံက သုံးနှုန်း ဝေဖန်လိုက်ပါတယ်။

မြောက်ကိုရီးယားက ရုရှားဆီကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ “အခြေအမြစ်မရှိတဲ့ ကောလာဟာလ” တခုသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ အမေရိကန်က ယူကရိန်းဆီကို ကိုယ်ပိုင်စစ်ရေးအကူအညီတွေ ပေးနေတဲ့ သူတို့လုပ်ရပ်နဲ့ မျှခြေကျအောင် စွပ်စွဲနေတာသာဖြစ်တယ်ဆိုတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ရေးရာ ညွှန်ကြားရေးမှူးချုပ် ကွမ်ဂျုံဂန်းရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA မှာ ဖော်ပြခဲ့တာပါ။

မြောက်ကိုရီးယားနဲ့ ရုရှားအကြား လက်နက်ဆိုင်ရာ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ ဒီပြောဆိုချက်တွေဟာ “အလေးထားစိုးရိမ်စရာ ရန်စမှုတရပ် ဖြစ်တာကြောင့် လုံးဝခွင့်ပြုမှာ” မဟုတ်သလို အခုလို ဆက်တိုက်စွပ်စွဲပြောဆိုနေတာတွေက “တကယ်ကို မလိုလားအပ်တဲ့ရလဒ်” တွေ ဆောင်ကြဉ်းလာနိုင်တယ်လို့ ကွမ်က ဖြည့်စွက် ပြောဆိုပါတယ်။

ယူကရိန်းနိုင်ငံထဲက ရုရှားတပ်ဖွဲ့တွေကို ကျားကန်ပေးနိုင်ဖို့ ပုဂ္ဂလိက ရုရှားစစ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ ဝဂ်နာအုပ်စုအတွက် ခြေလျင်တပ်သုံး ဒုံးကျည်တွေနဲ့ မစ်ဇိုင်းဒုံးကျည်တွေကို မြောက်ကိုရီးယားက ကနဦး လက်နက်ပို့ဆောင်မှု ပြီးစီးသွားပြီလို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။

Up