close

ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် မက်ဆီ၊ အမ်ဘာပေနှင့် ဘန်ဇီမာတို့ပါဝင်

အာဂျင်တီးနားနဲ့ PSG အသင်းရဲ့ရှေ့တန်းကစားသမား လီယွန်နယ်မက်ဆီဟာ ဖီဖာအကောင်းဆုံး အမျိုးသားဘောလုံးသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးစာရင်းမှာ ပါဝင်နေတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ဖေဖော်ဝါရီ ၁၀ ရက်မှာ ကြေညာ ပါတယ်။

မက်ဆီနဲ့အတူ ပဲရစ်စိန့်ဂျာမိန်းအသင်းက (PSG) အသင်းဖော် ကီလီယန်အမ်ဘာပေ၊ ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူး ကာရင်းမ်ဘန်ဇီမာတို့လည်း ဆန်ခါတင်စာရင်းမှာပါဝင်ပါတယ်။

မနှစ်က ကာတာကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်မှာ ကလပ်အသင်းဖော် အမ်ဘာပေရဲ့ ပြင်သစ်အသင်းကို မက်ဆီရဲ့အာဂျင်တီးနားအသင်းက အနိုင်ရရှိကာ နိုင်ငံအသင်းအတွက် ၃ကြိမ်မြောက် ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့တာကြောင့် မက်ဆီကဒီဆုကိုရရှိဖို့ သေချာသလောက်ရှိနေတာပါ။

ကာတာကမ္ဘာ့ဖလားမှာ ၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့ပြီး ဒါဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးရွှေဘောလုံးဆု ၂ ကြိမ်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွက် ဘလွန်းဒီအောဆုရှင် ဘန်ဇီမာ ကလည်း နောက်ဆုံး ၃ ဦးဆန်ကာတင်စာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့ပြီး ကမ္ဘာ့ဖလားမှာ ၈ ဂိုးအထိသွင်းယူကာ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ အမ်ဘာပေလည်း အပါအဝင်ပါ။

ဖီဖာအမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆုမှာတော့ စပိန်အမျိုးသမီးကွင်းလယ်ကစားသမား အလက်စီယာပူတဲလ်လက်စ်က ဒူးဒဏ်ရာကြောင့် ပြီခဲ့တဲ့နှစ်၊ ဇွန်လကတည်းက အနားယူနေရပေမယ့် ဒုတိယအကြိမ်မြောက် အကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်တိုက်ရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။

အင်္ဂလန်အမျိုးသမီး ဘောလုံးအသင်းကို ယူရို ၂၀၂ဝ ပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်နိုင်ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံးဆု ၂ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရှေ့တန်းတိုက်စစ်မှူး ဘက်မိ့(တ်) ကလည်း နောက်ဆုံးဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက နောက်ဆုံးဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ အမေရိကန်အမျိုးသမီး ရှေ့တန်းတိုက်စစ်မှူး အဲလက်စ် မော်ဂန်ကတော့ ဒီစာရင်းမှာ အပြီးသတ်ပါဝင်လာခဲ့ပြန်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုရရှိသူတွေကို လာမယ့်   ဖေဖော်ဝါရီ  ၂၇ ရက်နေ့ ပါရီမြို့မှာ ဆုပေးပွဲအခမ်းအနားတစ်ခုနဲ့အတူ ကြေညာသွားမှာပါ။

Up