နေတိုးအဖွဲ့၏စည်းလုံးညီညွတ်မှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် နေတိုးအကြီးအကဲ ချီးကျူး

ယူကရိန်းကို ရုရှားကျူးကျော်မှု တနှစ်တာကာလ နီးကပ်လာတာနဲ့အမျှ အတ္တလန္တိတ် မဟာမိတ်အဖွဲ့ရဲ့ ထူးခြားတဲ့ “စည်းလုံးညီညွတ်မှု” ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ် အော်စတင်နဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ရဲ့ အထွေထွေအတွင်းရေးမှူး ယန်းစ် စတော့တန်ဘာ့ဂ်တို့ဟာ ဖေဖော်ဝါရီ ၁၄ ရက်က ချီးကျူးခဲ့ကြပါတယ်။
အော်စတင်နဲ့ စတော့တန်ဘာ့ဂ်တို့ဟာ နေတိုး ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ဘရပ်ဆဲလ်မြို့တော်မှာ တွေ့ဆုံခဲ့ကြတာပါ။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒန်ညက်စ်ဒေသက ရှေ့တန်းတလျှောက်မှာရှိတဲ့ ယူကရိန်းတပ်တွေနဲ့ မြို့တွေကို ရုရှားတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး နေတိုးအဖွဲ့ဝင် အစိုးရတွေက လက်နက်တွေ ထပ်ပို့ပေးဖို့ ဆွေးနွေးရေး နေတိုးဝန်ကြီးတွေ ထိုးစစ်သစ်အတွက် စောစောစီးစီး အဖြေရှာနိုင်ခဲ့ပါတယ်။
ယူကရိန်းအစိုးရအတွက် လက်နက်သစ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာထက်စာရင် ပေးပို့ထားပြီးသား လက်နက်တွေက အလုပ်ဖြစ်နေဖို့ လိုအပ်တယ်လို့ စတော့တန်ဘာ့ဂ်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။ လေယာဉ်ကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်ထားပေမဲ့ ယူကရိန်းဟာ အခုအခါ မြေပြင်မှာ ပံ့ပိုးကူညီတာတွေ လိုအပ်နေပြီလို့လည်း သူက ပြောပါတယ်။
ယူကရိန်းဟာ လက်နက်ကြီးကျည်တွေကို အနောက်နိုင်ငံတွေက လုပ်နိုင်တဲ့ ပမာဏထက် ပိုမြန်မြန်သုံးနေပါတယ်။
နွေဦးပေါက်ရာသီမှာ ရုရှားကို ယူကရိန်းက ထိုးစစ်ဆင်ဖို့ မျှော်လင့်ထားတယ်လို့ အော်စတင်က ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားကျူးကျော်မှု ပထမဆုံးနှစ်ပတ်လည်နေ့ နီးကပ်လာတာနဲ့အမျှ ရုရှားအစိုးရဟာ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းက နေရာအနှံ့မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်ခဲ့ပြီး ထိုးစစ်သစ် ကြီးကြီးမားမားကို ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပါတယ်။