ဘာစီလိုနာနှင့် သရေကျခဲ့သော်လည်း ရှုံးပွဲတပွဲလို ခံစားရဟု တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ပြော

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဘာစီလိုနာနဲ့ သရေကျခဲ့ပေမဲ့ ရှုံးပွဲတပွဲလို ခံစားရကြောင်း မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဘာစီလိုနာကို ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ နှစ်ဂိုးဆက်တိုက် ပြန်သွင်းယူပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် ၇၆ မိနစ်မှာ ရာဖင်ညာက ချေပဂိုး ပြန်သွင်းခဲ့လို့ ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးခဲ့တာပါ။
ဒီပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ ပထမပိုင်းမှာ ဘာစီလိုနာရဲ့ကစားပုံကို တည်တည်ငြိမ်ငြိမ် ပြန်လည်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ သွင်းဂိုး ၂ ဂိုး ရခဲ့သလို ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောပါတယ်။
“ရှုံးပွဲတပွဲလိုပဲ ခံစားရတယ်။ ကျနော်တို့ ဒုတိယပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ၂ ဂိုးဆက်တိုက်သွင်းပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်တယ်” လို့ ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
ဘာစီလိုနာနောက်ခံလူ ခွန်ဒီရဲ့ ဖျက်ထုတ်မှုဟာ ပင်နယ်တီမဟုတ်ပေမဲ့ ပြစ်ဒဏ်ဘော ပေးသင့်ကြောင်းလည်း ရက်ရှ်ဖို့ဒ်က ဒိုင်လူကြီးတွေကို ဝေဖန်သွားခဲ့ပါတယ်။