ဆန်ခလပူရီ မွန်တံတားအနီးရှိ ဈေးဆိုင်ခန်းနှင့် နေအိမ်များ မီးလောင်

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ရှိ ကမ္ဘာလှည့်ခရီးသွားဇုန်တခုဖြစ်တဲ့ မွန်တံတားအနီးမှာ မနေ့ညက နေအိမ်နဲ့ ဆိုင်ခန်းတွေ မီးလောင်သွားတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် ည ၁၀ နာရီကျော်က နောင်လူးအုပ်စု ဝမ်းကာ့ရပ်ကွက်ရှိ ဥတ္တမနုဆွန် ခေါ် မွန်တံတားအနီးမှာ မီးလောင်မှုဖြစ်ပွားကြောင်း တိုင်ကြားချက်ရတဲ့အတွက် မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်အကူအညီပေးခဲ့တယ်လို့ ဆန်ခလပူရီ မြူနီစီပါယ်ဥက္ကဋ္ဌ နိုင်းဝိကျန်း ကွန်းချနရတ်က သတင်းထောက်တွေကို ပြောပါတယ်။
မီးလောင်တဲ့နေရာဟာ မွန်တံတားဘေးမှာရှိတဲ့ ဈေးဆိုင်ခန်းနဲ့ နေအိမ်တွေဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်လည်ပတ်စရာနေရာတခု ဖြစ်တာကြောင့် မီးလောင်ခံရတဲ့ ဆိုင်ခန်းတွေဟာ လွယ်အိတ်၊ ဦးထုပ်၊ အဝတ်အထည်နဲ့ ဖဲန်ဆီအလှတန်ဆာဆင်ပစ္စည်းတွေ၊ ကော်ဖီဆိုင် နဲ့ အလှပြင်ဆိုင်တွေလို့ ဆိုပါတယ်။
မြို့နယ်မီးသတ်ဌာနက မီးသတ်ကား ၂ စီးနဲ့ တပ်မတော်သားတွေရော ပြည်သူတွေပါ မီးဝိုင်းငြိမ်းကြရာ ၁ နာရီခန့်အကြာမှာ မီးကိုထိန်းနိုင်ခဲ့ကြောင်း၊ ဒါပေမယ့် ဘေးချင်းကပ် ဈေးဆိုင်ခန်း ၅ ခန်းနဲ့ နှစ်ထပ်ပျဉ်ထောင်အိမ် ၁ လုံးတော့ မီးထဲပါသွားကြောင်း၊ ဆိုင်ထဲက အရောင်းပစ္စည်းနဲ့ နေအိမ်ပရိဘောဂအားလုံး ဆုံးရှုံးပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းမှာ ဝါယာရှော့ဖြစ်တယ်လို့ အကြမ်းဖျင်းသိထားပြီး အသေးစိတ်ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲပဲလို့ သတင်းမှာ ဖော်ပြသွားပါတယ်။