တောင်အာဖရိက၌ကျင်းပသည့် ရေတပ်လေ့ကျင့်မှုတွင် တရုတ်နှင့် ရုရှား ပူးပေါင်းပါဝင်

တောင်အာဖရိကနိုင်ငံမှာ နိုင်ငံတကာ ပူးတွဲရေတပ်လေ့ကျင့်မှုကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေပြီး ပူးပေါင်းပါဝင်ဖို့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က သင်္ဘောတွေ ဖေဖော်ဝါရီ ၂၀ ရက်က ရစ်ချတ်ပင်လယ်အော်မှာ ဆိုက်ကပ်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ ပြင်းထန်တဲ့ သဘောထားတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ နက်ရှိုင်းလာတာနဲ့အမျှ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ အာဖရိကတိုက်မှာ သြဇာလွှမ်းမိုးနိုင်ဖို့ ပြိုင်ဆိုင်နေကြတာပါ။
တောင်အာဖရိကနိုင်ငံကတော့ စစ်ရေးလေ့ကျင့်မှုကို “လုပ်ရိုးလုပ်စဉ်” လို့ ခေါ်ဝေါ်ပါတယ်။ ဒါပေမဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ဒါမှမဟုတ် ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေက တောင်အာဖရိကအခြေစိုက် သံတမန်ခြောက်ဦးက သူတို့ကို ရှုတ်ချတယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ကြပါတယ်။
ယူကရိန်းအပေါ် ဘက်မလိုက်တဲ့ ရပ်တည်ချက်နဲ့ ရပ်တည်နေတဲ့ တောင်အာဖရိကဟာ ရုရှားကိုရှုတ်ချတဲ့ မနှစ်က ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို မဲမပေးဘဲ လက်ရှောင်နေခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကျူးကျော်မှု တနှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်ပြီး ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို လက်ခံကျင်းပတာဟာ အန္တရာယ်ရှိတဲ့ မဟာဗျူဟာပဲလို့ လေ့လာသူတွေက ပြောပါတယ်။