close

ရုရှားလောင်စာဆီ အိန္ဒိယတင်သွင်းမှု ၄ ဆခန့် မြင့်တက်

အိန္ဒိယနိုင်ငံမှာ ဈေးလျှော့ချထားတဲ့ ရုရှားရေနံ လောင်စာဆီတင်သွင်းမှု အဆမတန် များပြားလာခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ်မှာလည်း လွန်ခဲ့တဲ့ ၁၀ လတာအတွင်း ရုရှားရေနံ တင်သွင်းမှုဟာ တနှစ်ထက်တနှစ် လေးဆနီးပါး ပိုမိုမြင့်တက်လာခဲ့တယ်လို့ အိန္ဒိယ စီပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အချက်အလက်တွေအရ သိရပါတယ်။

ဒီလို သိသိသာသာ မြင့်တက်လာတာဟာ ပင်လယ်ထွက် ရုရှားရေနံနဲ့ ရေနံထွက်ကုန်စည်တွေ အပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှု ချမှတ်ထားတာကြောင့် ဈေးလျှော့ရောင်းနေရတဲ့ ဒီရေနံတွေကို အိန္ဒိယက အလျှံအပယ်ဝယ်ယူလို့ ဖြစ်တယ်လို့ ရုရှားမီဒီယာတွေမှာ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ အချက်အလက်တွေအရ အိန္ဒိယရဲ့ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ပထမ ၁၀ လတာ ကာလမှာတင် ရုရုားဟာ အိန္ဒိယအတွက် စတုတ္ထမြောက် အကြီးမားဆုံး သွင်းကုန်အရင်းအမြစ်နိုင်ငံတခု ဖြစ်လာခဲ့ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၃၁ ဘီလီယံအထိ ရှိတယ်လို့ သိရပါတယ်။

ဒါဟာ တနှစ်ထက်တနှစ် ၃၈၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာပါ။ ဘဏ္ဍာရေးကာလ ၁၀ လတာအတွင်းမှာ အိန္ဒိယရဲ့ ရေနံထွက်ထုတ်ကုန်တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၅၈ ဘီလီယံအထိရှိပြီး ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် အလားတူကာလမှာ တင်ပို့ခဲ့တဲ့ အမေရိကန် ဒေါ်လာ ၅၀ ဒသမ ၇၇ ဘီလီယံနဲ့ နှိုင်းယှဉ်ရင် ပမာဏ ပိုမိုမြင့်တက်လာခဲ့တာပါ။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယအကြီးမားဆုံး ရေနံသုံးစွဲတဲ့နိုင်ငံတခုဖြစ်ပြီး နိုင်ငံအတွက် လိုအပ်တဲ့ ရေနံ ၈၀ ရာခိုင်နှုန်းကျော်ကို သွင်းကုန်တွေအပေါ်မှာ မှီခိုနေရတာပါ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေရှန်ကာကတော့ အစိုးရအနေနဲ့ ရုရှားရေနံတွေကိုသာ ဝယ်ယူဖို့ နိုင်ငံပိုင်ကုမ္ပဏီတွေကို ဘယ်တုန်းကမှ မညွှန်ကြားခဲ့ပေမဲ့ ရွေးချယ်စရာတွေထဲက အကောင်းဆုံးဖြစ်မယ့် ရေနံကို ဝယ်ယူဖို့သာ တောင်းဆိုခဲ့တာလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မှတ်ချက်ပေးပါတယ်။

Up